ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (David I. Steinberg)
“ကောင်းကင်ဘုံ၏ ရယ်ပွဲဖွဲ့မှု” (Divine Comedy) ဟူသည့် ကဗျာ ရှည်ကြီးတွင် ဒန်တေ အလီဂီရီ (Dante Alighieri) က ရှေ့ဖြစ်ဟော ဆရာများကို ငရဲ၏ အနိမ့်ဆုံး အဆင့်များတွင်သာ နေရာပေး၍ ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း အရေးပါဆုံး ဖြစ်ရပ် ဖြစ်လာမည့် စစ်အစိုးရက စီစဉ်ထားသော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အပေါ် နိမိတ်ဖတ်မှုကြောင့် နောက်လာမည့်ဘဝတွင် တဖန် ပြန်ဝင်စားရမည့် အရေး အတွက် စွန့်စားရန် မလိုသဖြင့် ကံကောင်းသေးသည်ဟု ဆိုရမည်။ ယခုတိုင် ရက်သတ်မှတ်ရခြင်း မရှိသေးသည့် ရွေးကောက်ပွဲမှ မည်သည့်ရလဒ် ထွက်ပေါ်လာသည် ဖြစ်စေ၊ အကြွင်းမဲ့အာဏာသည် စစ်တပ်လက်ထဲတွင် ကျန်ရှိနေဦးမည်သာ ဖြစ်သည်။ စစ်တပ်က သဘောတူညီမှု မပါဘဲနှင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲနိုင်စရာ အကြောင်းလည်း မရှိပေ။
ပါမောက္ခ ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (ဓာတ်ပုံ - ဧရာဝတီ)
ပါမောက္ခ ဒေးဗစ် အိုင် စတိန်းဘာ့ဂ်
စစ်တပ် အာဏာပိုင်များ တစိတ် တပိုင်းက ယူနီဖောင်း ဝတ်လျက် ဆက်လက် ပါဝင်နေကြမည်။ အရာရှိ အများအပြားက အနားယူကြပြီး ရဲတပ်ဖွဲ့များ အသွင် အရပ်ဝတ် အရပ်စားဖြင့် လာကြမည်။ အများစုက ရွေးချယ် တင်မြှောက် ခံကြရမည်။ လွှတ်တော် အတွင်း အတိုက်အခံတို့၏ အသံကိုတော့ ကြားနိုင် ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အတိုက်အခံ တို့သည် အဓိက နိုင်ငံ့ရေးရာများကို ဆောင်ရွက်ရန် အကန့် အသတ်များဖြင့် ကြုံရဖွယ် ရှိသည်။ အရေးပါသည့် နိုင်ငံ၏ ပြဿနာများကိုမူ စိန်ခေါ် ပြောင်းလဲ စေမည် မဟုတ်ပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြိုတင် ပြောထား သကဲ့သို့ပင် သူတိုက်တွန်းနေသည့် "စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်" သည် အခုရေတွင်းတူး၊ အခု ရေကြည် သောက်နိုင်စရာ အကြောင်း မရှိပါ။ ရေတွင်းသစ်က ရွှံ့့ရေနောက်များသာ ထွက်ပေါ်လာမည် ဖြစ်သည်။ စစ်တပ်က တခါတရံ ရေစစ်သဖွယ် ဖြစ်လာပေမည်။
သေချာသည်မှာ နိုင်ငံလူဦးရေ၏ သုံးပုံတပုံမျှရှိသည့် လူနည်းစု တိုင်းရင်းသားများသည် ယခု ရွေးကောက်ပွဲအပေါ် ကျေနပ်ကြလိမ့်မည် မဟုတ်ချေ။ ဤရွေးကောက်ပွဲဖြင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို တရားဝင် အသက်သွင်းမည် ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများအတွင်း တချို့သော အင်အားစုများက ပို၍ အခွင့်အရေး ရှိနိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တစုံတရာသော "ဖက်ဒရယ်" ပုံစံမျိုးကို တောင်းဆိုနေကြသည်။ ဤဝေါဟာရများနှင့် အယူအဆများကို စစ်ခေါင်းဆောင် အဆက်ဆက်က ရွံမုန်းဖွယ်ရာ မကောင်းဆိုးဝါးကိစ္စများ အဖြစ် မျိုးဆက်နှစ်ခုကြာ မြင်ထားခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေသစ်က ဒေသဆိုင်ရာ ယဉ်ကျေးမှုများကို ကာကွယ်ပေးရေးအတွက် ပြဌာန်းထားသော်လည်း၊ အပြောနှင့် အလုပ် လက်တွေ့ညီရန် ခက်ပါသေးသည်။ အချို့သော အုပ်စုငယ်များက ဒေသဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန် ပို၍ အရည်အသွေး ရှိနိုင်ပါသည်။ သို့သော်လည်း နိုင်ငံတော်အဆင့်အာဏာအတွက် ငြင်းပယ်ခံရမည် ဖြစ်သည်။
၂၀၁၀ အကုန်တွင် ယခု ဖြစ်ရပ်များအတွက် သဘောထား တုံ့ပြန်မှု အမျိုးမျိုး ကွဲပြားနေမည်ကတော့ ဗေဒင်မေးနေစရာ မလိုအပ်ပါ။ အစိုးရက သူ၏ လုပ်ငန်းစဉ်များ အောင်မြင်ပြီဟု ကြေညာပြီး၊ ပြည်သူ အများစုက သူတို့၏ အသံကို အစိုးရအဖွဲ့အတွင်း ခပ်တိုးတိုး ကြားနိုင်ပြီဟု ခံစားကြရပါလိမ့်မည်။ ကျန်သူများကတော့ ယခုရလဒ်သည် သူတို့ မျှော်လင့်ထားသည်ထက်၊ လိုအပ်သည့် အတိုင်းအတာထက် လျော့နည်းနေသည်ဟု စောဒက တက်ကြပါလိမ့်မည်။ "တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးရန်" ဟု တောင်းဆိုနေကြသည့် နိုင်ငံခြားသားများကလည်း သူတို့လိုလားချက်များကို အတိအကျ သတ်မှတ် ဖော်ပြမထားကြပါ။ သို့အတွက်ကြောင့် အချို့သော ပြည်နယ်များ၊ အချို့သော အဖွဲ့အစည်းဆိုင်ရာ ကိစ္စများတွင် မကျေနပ်မှုများ ရှိလိမ့်မည်။ အချို့ကလည်း အောင့်သက်သက်ဖြင့် လက်ခံကြမည် ဖြစ်သည်။
ဗေဒင်ဆရာ လိုအပ်သည့်ကိစ္စ တခုသာ ရှိပါသည်။ ဤသည်မှာ ရွေးကောက်ပွဲ ကျင်းပရန် နေ့ကောင်းရက်ကောင်း ရွေးချယ်ရန်သာ ဖြစ်ပါတော့သည်။
ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (David I. Steinberg) ရေးသားသည့် Muddy Waters ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments:
Post a Comment