ideal

Thursday, May 27, 2010

မိန်းမလှကျွန်း နှင့် သဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး

မြန်မာနိုင်ငံတွင် ဧက အနည်းငယ်သာ ကျန်ရှိတော့သည့် ဒီရေတောများထဲတွင် အကြီးဆုံးလည်း ဖြစ်သည့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းမှ မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းသည် ဒီရေတော အမျိုးအစား ဖြစ်ပြီး ဧရိယာ စတုရန်းမိုင် ( ၅၂.၇၉ ) ကျယ်ဝန်းပါသည်။ ၁၉၈၆ ခုနှစ်တွင် ကြိုးဝိုင်း သစ်တော အဖြစ် စတင်သတ်မှတ်ခဲ့ပြီး ဒီရေရောက်ဒေသ တွေမှာပေါက်ရောက်ရှင် သန်နိုင်သော ဗျူး၊ ဗျူးခြေထောက်၊ လမု၊ လမဲ့၊ ကနစို၊ မဒမ စသော အပင်များ အများဆုံး ပေါက်ရောက်ပါသည်။


ဒီရေတော များသည် အကြောင်းအမျိုးအမျိုးနှင့် ဆက်တိုက် ပြုန်းတီးနေပြီး ကျွန်တော်တို့ နိုင်ငံတွင် တစ်နှစ်ကို ၅ ရာခိုင်နှုန်း ပြုန်းတီးလျက်ရှိသည်ဟု သိရပါသည်။ ဒီရေတောများ ပြုန်းတီးသည့် တန်ဖိုးကို ပြီးခဲ့သော နာဂစ် မုန်တိုင်းမှာ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပေသည်။ ဒီရေတော သည် ရေဒဏ် လေဒဏ် ကို အများကြီး အကာအကွယ် ပေးခဲ့သည့် အတွက် ဒီရေတော ရှိသော ဒေသများသည် မရှိသော ဒေသများထက် အသေအပျောက် အလွန်နည်းခဲ့သည်။ ဧရာဝတီတိုင်းအတွင်း ဒီရေတော ပမာဏ လျော့နည်းလာခဲ့သောကြောင့် နာဂစ်မုန်တိုင်း ဒဏ်ကို အပြင်းအထန် ခံစားရပြီး လူအမြောက်အများ သေဆုံးရခြင်း ဖြစ်တယ် ဟု အက်ဖ်အေအို မှ သစ်တောရေးရာ ပညာရှင်တစ်ဦး က ဆိုပါသည်။




ပထဝီဆိုင်ရာ အခြေခံ အချက်အလက်များ

တည်နေရာ-မိန်းမလှကျွန်းသည်မြောက်လတ္တီကျု့ ၁၅ ဒီဂရီ ၅၂ မိနစ် နဲ့၊ အရှေ့လောင်ဂျီကျု့ ၉၇ ဒီဂရီ ၁၇ မိနစ် တို့ဆုံရာ၊ ဘိုကလေးမြစ်ဝနဲ့ ကဒုံကနိမြစ်၀ တို့အကြား၊ ရန်ကုန်မြို့မှ အနောက်တောင်ဘက် ခန့်မှန်း ကီလိုမီတာ (၁၃၀) အကွာမှာ တည်ရှိပါသည်။ ဘိုကလေး မြို့မှ ဆိုလျှင်တောင်ဘက် (၁၉) ကီလိုမီတာ (၁၂ မိုင်) အကွာ ဖြစ်ပါသည်။


ပင်လယ်ရေမျက်နှာပြင်မှအမြင့်-ကျွန်းရဲ့ဧရိယာ အများစုဟာ ပင်လယ် ရေမျက်နှာပြင်နဲ့ တပြေးတည်း ဖြစ်ပြီး အမြင့် ဆုံးနေရာဟာ ပင်လယ် ရေမျက်နှာပြင်ထက် (၂၅) မီတာ ခန့်သာ မြင့်ပါသည်။ ထို့ကြောင့်လည်း ၂၀၀၈ ခုနှစ်၊ မေလ နာဂစ် မုန်တိုင်းကာလ မှာ ရိုက်ကူးခဲ့သော ဂြိုလ်တု ဓါတ်ပုံမှာ မိန်းမလှ ကျွန်းတစ်ခု လုံး ပင်လယ်အောက်ရောက်နေတာ တွေ့မြင်ရတာ ဖြစ်ပါသည်။


ရာသီဥတု-မုတ်သုံရာသီဥတု ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ မိုးရေချိန် (၂၇၇၇) မီလီလီတာ ရှိပါသည်။ မိုးရာသီသည် နှစ်စဉ် မေလ မှ အောက်တိုဘာလ အထိ တာရှည်လေ့ရှိသည်။


မိန်းမလှကျွန်း ဘေးမဲ့ သစ်တောကြိုးဝိုင်း

ဒီရေတောသစ်ပင် အမျိုးအစားပေါင်း ၂၉ မျိုးခန့်ပေါက်ရောက် လျက်ရှိပြီး၊ ရှိပြီးသား သစ်တောကို ထိန်းသိမ်းခြင်း အပြင် ဒီရေတောအပင်များ ကို စိုက်ပျိုးပြီး သစ်တောပြန်လည် ထူထောင်ခြင်း လည်း ဆောင်ရွက်လျက်ရှိသည်။ ဘေးမဲ့တောတွင် ဒရယ်၊ ဖျံ၊ လိပ်၊ တောဝက်၊ တောခွေး၊ မိချောင်း တို့ အပါအဝင် တိရစာ္ဆန် အမျိုးပေါင်းများစွာ ဘေးမဲ့ စောင့်ရှောက်ထားပါသည်။ ထူးခြားသောအချက် ကတော့ ရှားပါးသည့် ငှက်မျိုးစိတ်များ အပါအဝင်၊ ငှက်မျိုးစိတ်ပေါင်း ၃၄ မျိုးခန့်ရှိသည့် အတွက် ငှက်ကြည့်ဝါသနာရှင်များ အလွန်စိတ်ဝင်စားသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ရေဝက်နဲ့ ဧရာဝတီလင်းပိုင်များလည်းတခါတရံ လာရောက် ကျက်စားတာတွေ့ရသည်ဟု သိရှိရပါသည်။မြန်မာ့ ပုလဲနှင့် ငါးလုပ်ငန်းနှင့် သစ်တောရေးရာ ဦးစီး ဌာနတို့ ပူးပေါင်းပြီး သဘာဝ မိကျောင်း မွေးမြူထိန်းသိမ်း ရေး ကိုဆောင်ရွက်လျက်ရှိသည်။ သကေတ မိကျောင်းမွေးမြူရေး စခန်းမှ မိကျောင်းသားပေါက်များကို မိန်းမလှ ကျွန်းတွင် သဘာဝအတိုင်း မွေးမြူပြီး ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရပါသည်။ မိန်းမလှကျွန်းကို အခြေပြုပြီး မိချောင်းကောင်ရေ ၂၆၀၀ ခန့်နေထိုင်မယ်လို့ ခန့်မှန်းထားပြီး၊ ဒါဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ နေထိုင်ကျက်စားတဲ့ မိချောင်းအားလုံးရဲ့ သုံးပုံ နှစ်ပုံ ဖြစ်ပါသည်။ မိကျောင်းတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့ အခြေခံစခန်းကို ထော်ပိုင်ချောင်းမှာ ထားရှိပြီး၊ ကျွန်းပတ်လည်မှာ ကင်းစခန်း ၉ ခု နဲ့ စောင့်ကြပ်လျက်ရှိသည်။ ကျွန်းပေါ်မှာရှိသော တောရိုင်းတိရစာ္ဆန်နဲ့ မိကျောင်းတွေသာ မက၊ ကျွန်းပေါ်နဲ့ ကျွန်းအနီးသတ်မှတ် နေရာတွေမှာပါ ငါး၊ ပုဇွန်ဖမ်းဆီးခွင့်၊ မွေးမြူခွင့် အားလုံး ဥပဒေ အရတားမြစ်ထားပါသည်။





သမိုင်းနှင့် ဆက်နွယ်ရာ ဒဏ္ဍာရီ ပုံပြင်များ

သမိုင်းကြောင်း အနေနဲ့ ကျွန်းပေါ်လာတဲ့ သက်တမ်း သည် မကြာမြင့်လှသေးဟု ယူဆ စရာရှိပြီး၊ အစောဆုံး အနေနဲ့ (၁၈) ရာစု ခန့်မှာဖြစ်ပျက်ခဲ့သည့် မှတ်တမ်းအချို့သာ ရှိပါသည်။ ရှေးမြန်မာ ရာဇဝင်များ နဲ့ မွန်ရာဇဝင်များ တွင် လည်း ကျွန်းအကြောင်း ဖေါ်ပြထားခြင်း မတွေ့ရှိရပေ။ ခရစ်နှစ် (၁၇၅၉) ခန့်မှာ အလောင်းမင်းတရားကြီး အောက်မြန်မာ နိုင်ငံကို သိမ်းသွင်းစဉ် သြဇာ မခံယူလိုတဲ့ ကျုံ့တုံးမြို့မှ မွန်မြို့စားကြီး ဗညားဇေယျ နှင့် သူ့နောက်လိုက် နောက်ပါများ ပင်လယ်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်စဉ် မိန်းမလှ ကျွန်းတွင် ကာလ တစ်ခုအထိ စခန်းချ နေထိုင်ခဲ့ကြသည် ဟိုု့ သိရပါသည်။ မြို့စားကြီးတို့ စီးနင်းလာတဲ့ လှေကြီးရဲ့ ဦးပိုင်းကတော့ ထော်ပိုင်ချောင်း အနီးမှာ ယနေ့ တိုင်ရှိသေးသည်ဟု ဒေသခံများကဆိုပါသည်။

ဆက်နွယ်ရာ ဒဏ္ဍာရီများ အရ ဒီဒေသသည် နတ်ကိုးကွယ် ယုံကြည်မှုမှာ ထင်ရှားသည့် နတ်တစ်ပါး ဖြစ်သည့်ရေငံပိုင် ဦးရှင်ကြီး ရဲ့ ဇာတိလည်းဖြစ်ပါသည်။ ဦးရှင်ကြီး ယနေ့တိုင် နေထိုင်လျက်ရှိသည် လို့ ဒေသခံတွေ ယုံကြည်ကြတဲ့ ကျွန်းညိုကြီးကျွန်းဟာ မိန်းမလှ ကျွန်းရဲ့ မြောက်ဘက်မှာ တည်ရှိပါသည်။ မည်သို့ပင်ဆိုစေ ဒေသခံများသည် အစွဲအလန်း အလွန်ကြီးမားပြီး ကျွန်းဟာ အင်မတန် နတ်ကြီးသည့် နေရာဟု ယုံကြည်ကြသည်။ (အလွန်အမင်း ထုတ်ယူအသုံးပြုခြင်းဒဏ် ခံရမှု အနည်းဆုံး ဒီရေတော များထဲတွင် မိန်းမလှကျွန်းပါဝင်နေတာဟာ ဒီအချက် ကလည်း အထောက် အကူ ပြုတာ ဖြစ်နိုင်ပါသည်)။ ကျွန်းအနီးမှာ အပြောအဆိုက အစ အမှား မရှိရဘူး၊ အထူးသဖြင့် မိချောင်းတွေကို ရန်မရှာရဘူး၊ ဒီဒေသက မိချောင်းတွေ အားလုံးဟာ ရေငံပိုင်ဦးရှင်ကြီး ရဲ့ အစောင့်အရှောက်များ ဖြစ်သည်လို့ ဒေသခံများကဆိုပါသည်။ တစ်ခုခု အမှားအယွင်းရှိခဲ့ရင် ဦးရှင်ကြီးက မိချောင်းနဲ့ တိုက်လိမ့်မယ်ဟု လည်းယုံကြည်ကြသည်။

များမကြာမီနှစ်များ အတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုမှာ နိုင်ငံခြားသား ပညာရှင် တစ်ယောက်ဟာ မိချောင်းတွေကို ဓါတ်ပုံရိုက်ဖို့ အတွက် သစ်တောဌာနမှ တာဝန်ရှိသူတွေ လိုက်ပါပြီး မိန်းမလှကျွန်းကို လာတဲ့ အခါမှာ မိချောင်းတစ်ကောင်တစ်လေ မှတောင် မတွေ့ရပေ။ ဒီတော့မှ ဒေသခံ တွေရဲ့ အကြံပေးချက် အရ မော်တော်ဦးမှာတင် ကန်တော့ပွဲပေးပြီး ဦးရှင်ကြီးကို ကန်တော့ တဲ့ အခါမှာမှ မိချောင်းတွေ အများကြီး ပုံစံအမျိုးမျိုးနဲ့ ပေါ်လာသည် လို့ဆိုပါသည်။ ( ဒေသ အလိုက် ဓလေ့ထုံးစံတွေ ဟာ မယုံကြည် လျှင်တောင်မှ ပစ်ပယ်လို့ မရနိုင်ဘူး ဆိုသည့် အချက်ဟာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်)။


သဘာဝပါတ်ဝန်းကျင် ပြုန်းတီးမှုများ

လယ်ယာမြေ တိုးချဲ့လာမှု၊ ငါးပုဇွန်မွေးမြူရေး လုပ်ငန်းတွေ တိုးချဲ့လာမှု၊ လောင်စာအတွက် ဒီရေတော တွေကို အလွန်အမင်း ထုတ်ယူမှု၊ ဒေသခံများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ နည်းပါးမှုတွေ ကြောင့် မိန်းမလှကျွန်း အပါ အဝင် ဒီရေတော များ တစစ ပြုန်းတီးလာခဲ့ ရသည်။ ဒီရေတောတွေဟာ လယ်မြေတွေ ဖြစ်ကုန်၊ ထင်းနဲ့ မီးသွေး အတွက် ဒီရေတောတွေ ကို မတရား ခုတ်ခဲ့ကြတာကြောင့် အခု ဒေသခံ လုထု အတွက်တောင် သုံးစရာ လောင်စာ အခက်အခဲ ဖြစ်နေပါပြီ။ ဒီရေတွေကို အခုမှ ပြန်လည် ပျိုးထောင်ဆဲ ဖြစ်ပြီး၊ ဒီရေတောတွေ နဲ့ အတူ ကျေးရွာ အလိုက် တနိုင်တပိုင် ထင်းစိုက်ခင်းတွေ ကိုလည်း စိုက်ပျိုးစေပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ ပေးတာတွေလည်း သစ်တောရေးရာဦးစီးဌာနနှင့် UNDP တို့မှ ဦးဆောင်ပြုလုပ်နေပါသည်။


လွန်ခဲ့သည် ဆယ်စုနှစ် တခုကျော်လောက် အထိ အလွန် နာမည်ကြီးခဲ့သည့် “ဘိုကလေး မီးသွေး” ကလည်း ဒီရေတောများကို အဓိက ပြုန်းတီးစေခဲ့တဲ့ အကြောင်းရင်း

တစ်ခုဖြစ်ပါသည်။ ဒီရေတောပင်များသည် မီးသွေးဖုတ်၍ အင်မတန်မှကောင်းပါသည်။ ဘိုကလေး မြို့နယ် အတွင်းမှာ ဒီရေတော တွေ အများကြီးပေါက်ရောက် ခဲ့သော ကြောင့် မီးသွေး အများအပြား ထုတ်လုပ်နိုင်ခဲ့ပြီး ဘိုကလေး မီးသွေး သည်လည်း နာမည်ကျော်ခဲ့ ပါသည်။ သို့သော် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု အတွင်းမှာတော့ ဘိုကလေး မီးသွေးဆို မမြင်ရလောက်အောင် ရှားသွားပါပြီ။ ထိုသို့ရှားသွားရခြင်းမှာ ဥပဒေကြောင်း အရ တားမြစ်ထား၍ ဖြစ်သလို၊ ဘိုကလေး မြို့နယ် အတွင်းမှာ မိန်းမလှကျွန်းကဲသို့ ထိန်းသိမ်းထားသော သစ်တောမှလွဲလို့ တခြားခုတ်စရာ ဒီရေတော မရှိတော့တာကြောင့်လည်း ဖြစ်ပါသည်။


ဘေးမဲ့တော ထဲတွင် မွေးရန် ဒရယ်ကြီးတကောင်ကို သစ်တောဌာနက ခေါ်လာပြီးတော့ ကျွန်းပေါ်မှာ ထားသည့် အခါမှာ ရွာသားတွေက တကယ့် တောတွင်းက ဒရယ်အစစ်ထင်၊ ဥပဒေ အရ ကျွန်းပေါ်မှာ အမဲလိုက်ခွင့် မရှိတာလည်း နားမလည်ဆိုတော့ ဒရယ်ကို သတ်စားလိုက်ကြဖူးတယ်ဟု သစ်တောရေးရာ ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။ သစ်တောဌာနက ဒရယ်ကြီးပျောက်လို့ လိုက်ရှာအခါမှာ၊ ရွာသားတွေကလည်း စေတနာကောင်းကောင်း နဲ့ ဒီနေ့ ဒရယ်သား ရလို့ ချက်ထားပါတယ်၊ ဆရာတို့ ဝင်စားသွားပါဆိုပြီး ဖိတ်ခေါ်တော့ မှ ဒရယ် အမှုပေါ်ပြီး သက်ဆိုင်ရာရွာသားတွေ အရေးယူခံရသည့် ဖြစ်စဉ် တစ်ခု ဖြစ်ဖူးတယ်လို့ သိခဲ့ရပါသည်။

တကယ်တမ်း သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဆိုသည်မှာ ဒေသခံများ ကိုယ်တိုင်က တကယ် သဘောပေါက်ပြီး လိုက်ပါ လုပ်ဆောင်ကြမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါသည်။ ဒေသခံတွေကို တကယ် သဘောပေါက်အောင် ပညာပေးနိုင်ဖို့က သူတို့တွေရဲ့ ကြုံတွေ နေရသည့် အခက်အခဲတွေ အားလုံးကိုလည်း နားလည်ဖို့လိုပါသည်။ သူတို့ရဲ့ အခက်အခဲတွေ ကို ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ချမှတ်နိုင်မှ သာလျှင် သူတို့ကို နားလည်မှုရှိစွာ ပူးပေါင်းပါဝင်လာအောင် စည်းရုံးနိုင်မှာ ဖြစ်ပါသည်။




နာဂစ်အလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ


၂၀၀၈ ခုနှစ်မေလ မှာ တိုက်ခိုက်ခဲ့သော့ နာဂစ်မုန်တိုင်းမှာ မိန်းမလှကျွန်းက ဒီရေတောတွေဟာ ပတ်ဝန်းကျင်ကို အထိုက်အလျောက် အကာအကွယ် ပေးနိုင်ခဲ့သည်၊ သို့သော် ကျွန်းမှာ ဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ များစွာ ထိခိုက် ပျက်ဆီးခဲ့သည်။ သဘာ၀ ပတ်ဝန်းကျင် အပြောင်းအလဲ တွေ ဖြစ်ပေါ်လာပြီး နေထိုင်တဲ့ သက်ရှိမျိုးစိတ်တွေ အပေါ်မှာ များစွာ သက်ရောက်မှုတွေ ရှိပါသည်။ မိန်းမလှကျွန်းပြန်လည် ထူထောင်ရေးဟာ အထူးတလည် လိုအပ်တဲ့ ကိစ္စရပ် တစ်ခုဖြစသည်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းသဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းလုပ် ဆောင်နေကြပါသည်။ သို့သော် အခက်အခဲ တွေ များစွာရှိနေဆဲ ပဲဖြစ်ပါသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် အတွင်း သုတေသန ပြုချက်တွေ အရ မိန်းမလှကျွန်းမှာ ငှက်မျိုးစိတ် (၉) မျိုးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များ အသင်းမှ ပြောကြားခဲ့ပါတယ်။ သက်ရှိမျိုးစိတ်များ ထ်ိန်းသိမ်း စောင့်ရှောက်ရေး။ ဒီရေတောများ ပြန်လည် ပျိုးထောင် စိုက်ပျိုးရေး၊ ဒေသခံများအား သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးမှုများ အပြင် ထင်းအစားထိုး သဘာ၀ လောင်စာ ထုတ်လုပ်ရေးတို့ကို သမဝါယမ အသင်းအချို့ကပါ ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်နေကြပါပြီ။




လက်ရှိ အခြေအနေ

ကျွန်တော်တို့ နိုင်ငံမှာ ၁၉၂၄ ခုနှစ်က ဧရာဝတီတိုင်း အတွင်း ဒီရေတော ဧကပေါင်း ဟတ်တာ ၂၅၀၀၀၀ ကျော်ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်တွင် ဟတ်တာ ၁၁၀၀၀၀ ကျော်သာကျန်ရှိတော့ သောကြောင့် (၇၇) နှစ်အတွင်း ဒီရေတော ပြုန်းတီးမှုမှာ (၅၅) ရာခိုင်နှုန်းဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းများ အရ သိရပါသည်။ ဥတုရာသီ တောကို မှီ ဆိုတဲ့ စကားဟာ အစဉ်အမြဲ မှန်ကန် ခဲ့ သလို သဘာဝပတ်ဝန်းကျင် ပျက်ဆီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း တို့နဲ့ အတူ ဧရာဝတီတိုင်း အတွက် ဒီရေတောတွေရဲ့ အခန်း ကဏ္ဍဟာ ပိုလို့ အရေးပါလာနေပါသည်။ ဒီရေတော တွေကို ကျွန်တော်တို့ အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ဖို့လိုသည်။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကို စိမ်းလန်းတဲ့ သစ်တောတွေ နဲ့ အတူ ဒီရေတော တွေကို ချစ်တတ်၊ ထိန်းသိမ်းတတ်တဲ့ စိတ်ဓါတ်တွေကို အမွေပေး ကြရမည်ဖြစ်သည်။ ဧရာဝတီ လင်းပိုင်များ အပါအဝင် ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရယ်နဲ့ ကြုံတွေ့ နေရသည့် သက်ရှိမျိုး စိတ်များ ဟာ ကျွန်းကို အမှီပြုပြီး ရှင်သန်နေကြရသည်။ သုံးကောင်ပဲ ကျန်ရှိတော့သည့် ဒီရေတောဆင် တွေဟာလည်း မိန်းမလှကျွန်းနဲ့ ပြင်ဒရယ် ကြိုးဝိုင်း အနီးမှာ ကျက်စားကြသည်လို့ သိရသည်။ (ဒီဆင်သုံးကောင် လုံးက အထီးတွေ ဖြစ်တဲ့ အတွက် ဒီရေတော ဆင်တွေဟာတော့ မျိုးတုန်းပျောက်ကွယ် ဖို့ သေချာသွားပါပြီ)။

ကျွန်းပေါ်မှာ ဌာနဆိုင်ရာ ကင်းစခန်းတွေက လွဲလို့ မည်သူမျှ အခြေချ နေထိုင်ခွင့် မရှိပါ။ သို့သော်လက်ရှိမှာ ကျွန်းပေါ်က ချောင်းများထဲမှာ ငါးခိုးဖမ်းတာတွေ ရှိနေသလို၊ ကျွန်းပေါ်မှာလည်း ထင်းခိုးခုတ်နေသည့် အနေအထားတွေ ရှိနေဆဲဖြစ်သည်။ ဥပဒေကြောင်း အရ တင်းကျပ်ထားပြီး ဖမ်းဆီး အရေးယူနေတာတွေ လုပ်နေသော်လည်းပဲ၊ ဒေသခံလူထုရဲ့ တကယ်နားလည် မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရာရှိမှာ သာလျှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဟာ ရာနှုန်းပြည့် အောင်မြင်မှာ ဖြစ်ပါသည်။ ထို့ကြောင့် ကောင်းမွန်တဲ့ ဂေဟစနစ် တစ်ခုကို ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ ဒီရေတောများကို ချစ်စို့၊ ထိန်းသိမ်း ကြပါစို့လို့ တိုက်တွန်း လိုက်ပါရစေ။