မောင်သစ်ဦး
၁၉၇၀ ခုနှစ် တဝိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ဝန်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစအချိန်။ ကမာ္ဘ့ ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။
အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက် ရင်း တဘက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။
ထိုစဉ်က ကျနော်တို့တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘဝမှာ ကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။
ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော် တို့ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေး တည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ကြောင့် ကျနော်တို့မှာ ဗိုလ်ချုပ်၏ စာပေလက်ရာများကို စိတ်အားထက်သန်သလောက် ပြည့်၀အောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။
၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့တတွေ အနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆန္ဒတခုမှာ မမျှော်လင့်ဘဲ ပြည့်ဝလာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်းသုတေသနဌာန အကြီး တန်း သုတေသနမှူး) ဖြစ်၏။
“ဗိုလ်ချုုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဌာန ညွန်ကြားရေး မှူး ဒေါ်နီနီမြင့်က ဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင်“ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ )ပုဒ်မှာမူ ရေးသူအမည်မပါရှိဘဲ ဖေါ်ပြထားသည်ကိုတွေ့ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသားတချို့အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ် တိုင်ပင်ဖြစ်မည်ဟု ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ် စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။
* * * * * * *
“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာကိစ္စများ”ကိုတွေ့ ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ဘ၀ လမ်းညွန် အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့်ပြန့့်ပါဝင်၏။
ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့်၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့်ကိစ္စမှာ လွတ်လပ်မှုမရှိခြင်း ကို ပြဆိုခြင်းမဟုတ်ဘဲ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓာတ်တို့ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။
နောက်ထပ် ဥပမာတ ခုမှာ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင် သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘဝက ရေးသည့် ဆောင်းပါးဖြစ်၏။
ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသား ဓလေ့ ထုံးစံအယူအဆများအပေါ် လူငယ်များမည်ကဲ့သို့ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကိုအလေးအနက်ထား တင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ဝိဘဇ္ဖဝါဒ ” ဖြစ်၏။ “ဗုဒ္ဒဝါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ လက်ခံ ကျင့်သုံးသင့်ကြောင်း ထောက်ပြသည့်ဆောင်းပါးဖြစ်၏။
“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာ အတိုင်းအဆ အတိမ်အနက် ကိုခန့်မှန်းလို့ရသည့် နောက်ထပ် ဥပမာရှိပါသေးသည်။“ကျောင်းသားဝတ္တရား” ဆောင်းပါးဖြစ်၏။
ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာကျောင်းသားများထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာသင်ကြားရေးလွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။
နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှနှင့်တာဝန်ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့်ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင် ဆည်းပူးကြရမည်ဟူသည့်အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင် ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါလေ့လာပါဝင် ဆင်ခြင်လုပ်ကိုင်ရမည့် ဝတ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်“ကျောင်းသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ရသည့် ဆောင်းပါးဖြစ်၏။
အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါး တွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ရ၏။ ပထမအချက်မှာ“နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ် အထွေး များကြားညပ်နေသည့်အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။
ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “စာပေရေးရာ အယူအဆ”ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့သော် ထို ဆောင်းပါးကို မည်သည့်နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။
ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြပေးခဲ့သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေအယူအဆမှာ“မိမိရေးလိုက်သည့်စာပေသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့လောက တိုး တက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ထက်တစ်နေ့တိုးတက်ကြီး ပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။
ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။
* * * * * * *
“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆပိုင်း အခြေနေကို ကျနော်တို့့လေ့လာလို့ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့်ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာနှစ်ခုစလုံး လေ့လာခွင့်ရနိုင်၏။
“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆရေးရာပိုင်းကို ကျနော် အထက် တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့ လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ဝါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”စာအုပ်ထဲ တွင်ပါရှိသည့်“ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင်ပြန်းရေးခဲ့သည့် အတ္ထုပ္ပတ္တိဆောင်းပါးဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့် နတ်မောက်မြို့ အ်ိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်း က ဆန်းသည်။
ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့စည်းပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက် ဘူတာ၏ ဝဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက်လောကဓာတ် မြန်မာအထက်တန်းကျောင်း၊ ထို့ နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့အုပ်ရိုး အစရှိသည်တို့ကိုတဆင့်ပြီး တဆင့်ရေးသွား ခဲ့၏။ နောက်ဆုံးတွင််မြို့ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထို အိမ် ကြီး၏ နောက်ဖေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူ များကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့့ ရှေ့မှဖြတ်ရ၏။ စာပိုဒ်ဆုံးခါနီးကြမှ အိမ်ကြီးတအိမ်၏ နောက်ဖေးအခန်းငယ်ဆီ ရောက်လာလေသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောက်မြို့ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့အနွဲ့မှာ သဘာဝပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်းရေးဟန်ဖြစ်၏။
ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့အနွဲ့တချို့ကိုလည်းထင်းထင်းပြက်ပြက် တွေ့ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့်ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့်သူ၏ စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။
“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ကျသွားလျှင် သူသည် မစားတော့၊ ကျနော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏ ။ ကျနော်ကား မဝတ်တတ် ။ မြန်မြန်ညစ်အောင် ဝတ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟုရေးလေသည်။
ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့်သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်” ဟူသောစာကြောင်းဖြစ်၏။
“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။
* * * * * * *
“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ဝန်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဖိုးထား၏။ သို့သော် ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘဝက ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာ ဖြစ်သည်ဟု ကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်း ဘာသာပြန်ဆို ရ သူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ် သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေသည် ကို လည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။
ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။
“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ်အယူအဆနှင့် စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ထိ နိုင် သည့်အတွက် ကျေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။
ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမားလေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်၀ နိုင်ခဲ့ရှာပါ။
၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံ ခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ခွင့်မရခဲ့ရှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့် နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင် ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ကို ကြိုးစားဖန်တီးခဲ့ရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းအား ကျနော်လေးစားမိသည်။ ထို့အပြင်ဘဝကိုစာရေးသူတဦး၏ ဘဝနှင့်သာနိဂုံးချုပ်ရန် စိတ်အားထက်သန်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။