ideal

Sunday, May 23, 2010

ရွှံ့ရေနောက်


ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (David I. Steinberg)
“ကောင်းကင်ဘုံ၏ ရယ်ပွဲဖွဲ့မှု” (Divine Comedy) ဟူသည့် ကဗျာ ရှည်ကြီးတွင် ဒန်တေ အလီဂီရီ (Dante Alighieri) က ရှေ့ဖြစ်ဟော ဆရာများကို ငရဲ၏ အနိမ့်ဆုံး အဆင့်များတွင်သာ နေရာပေး၍ ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း အရေးပါဆုံး ဖြစ်ရပ် ဖြစ်လာမည့် စစ်အစိုးရက စီစဉ်ထားသော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အပေါ် နိမိတ်ဖတ်မှုကြောင့် နောက်လာမည့်ဘဝတွင် တဖန် ပြန်ဝင်စားရမည့် အရေး အတွက် စွန့်စားရန် မလိုသဖြင့် ကံကောင်းသေးသည်ဟု ဆိုရမည်။ ယခုတိုင် ရက်သတ်မှတ်ရခြင်း မရှိသေးသည့် ရွေးကောက်ပွဲမှ မည်သည့်ရလဒ် ထွက်ပေါ်လာသည် ဖြစ်စေ၊ အကြွင်းမဲ့အာဏာသည် စစ်တပ်လက်ထဲတွင် ကျန်ရှိနေဦးမည်သာ ဖြစ်သည်။ စစ်တပ်က သဘောတူညီမှု မပါဘဲနှင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲနိုင်စရာ အကြောင်းလည်း မရှိပေ။

ပါမောက္ခ ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (ဓာတ်ပုံ - ဧရာဝတီ)
ပါမောက္ခ ဒေးဗစ် အိုင် စတိန်းဘာ့ဂ်

စစ်တပ် အာဏာပိုင်များ တစိတ် တပိုင်းက ယူနီဖောင်း ဝတ်လျက် ဆက်လက် ပါဝင်နေကြမည်။ အရာရှိ အများအပြားက အနားယူကြပြီး ရဲတပ်ဖွဲ့များ အသွင် အရပ်ဝတ် အရပ်စားဖြင့် လာကြမည်။ အများစုက ရွေးချယ် တင်မြှောက် ခံကြရမည်။ လွှတ်တော် အတွင်း အတိုက်အခံတို့၏ အသံကိုတော့ ကြားနိုင် ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အတိုက်အခံ တို့သည် အဓိက နိုင်ငံ့ရေးရာများကို ဆောင်ရွက်ရန် အကန့် အသတ်များဖြင့် ကြုံရဖွယ် ရှိသည်။ အရေးပါသည့် နိုင်ငံ၏ ပြဿနာများကိုမူ စိန်ခေါ် ပြောင်းလဲ စေမည် မဟုတ်ပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြိုတင် ပြောထား သကဲ့သို့ပင် သူတိုက်တွန်းနေသည့် "စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်" သည် အခုရေတွင်းတူး၊ အခု ရေကြည် သောက်နိုင်စရာ အကြောင်း မရှိပါ။ ရေတွင်းသစ်က ရွှံ့့ရေနောက်များသာ ထွက်ပေါ်လာမည် ဖြစ်သည်။ စစ်တပ်က တခါတရံ ရေစစ်သဖွယ် ဖြစ်လာပေမည်။

သေချာသည်မှာ နိုင်ငံလူဦးရေ၏ သုံးပုံတပုံမျှရှိသည့် လူနည်းစု တိုင်းရင်းသားများသည် ယခု ရွေးကောက်ပွဲအပေါ် ကျေနပ်ကြလိမ့်မည် မဟုတ်ချေ။ ဤရွေးကောက်ပွဲဖြင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို တရားဝင် အသက်သွင်းမည် ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများအတွင်း တချို့သော အင်အားစုများက ပို၍ အခွင့်အရေး ရှိနိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တစုံတရာသော "ဖက်ဒရယ်" ပုံစံမျိုးကို တောင်းဆိုနေကြသည်။ ဤဝေါဟာရများနှင့် အယူအဆများကို စစ်ခေါင်းဆောင် အဆက်ဆက်က ရွံမုန်းဖွယ်ရာ မကောင်းဆိုးဝါးကိစ္စများ အဖြစ် မျိုးဆက်နှစ်ခုကြာ မြင်ထားခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေသစ်က ဒေသဆိုင်ရာ ယဉ်ကျေးမှုများကို ကာကွယ်ပေးရေးအတွက် ပြဌာန်းထားသော်လည်း၊ အပြောနှင့် အလုပ် လက်တွေ့ညီရန် ခက်ပါသေးသည်။ အချို့သော အုပ်စုငယ်များက ဒေသဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန် ပို၍ အရည်အသွေး ရှိနိုင်ပါသည်။ သို့သော်လည်း နိုင်ငံတော်အဆင့်အာဏာအတွက် ငြင်းပယ်ခံရမည် ဖြစ်သည်။

၂၀၁၀ အကုန်တွင် ယခု ဖြစ်ရပ်များအတွက် သဘောထား တုံ့ပြန်မှု အမျိုးမျိုး ကွဲပြားနေမည်ကတော့ ဗေဒင်မေးနေစရာ မလိုအပ်ပါ။ အစိုးရက သူ၏ လုပ်ငန်းစဉ်များ အောင်မြင်ပြီဟု ကြေညာပြီး၊ ပြည်သူ အများစုက သူတို့၏ အသံကို အစိုးရအဖွဲ့အတွင်း ခပ်တိုးတိုး ကြားနိုင်ပြီဟု ခံစားကြရပါလိမ့်မည်။ ကျန်သူများကတော့ ယခုရလဒ်သည် သူတို့ မျှော်လင့်ထားသည်ထက်၊ လိုအပ်သည့် အတိုင်းအတာထက် လျော့နည်းနေသည်ဟု စောဒက တက်ကြပါလိမ့်မည်။ "တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးရန်" ဟု တောင်းဆိုနေကြသည့် နိုင်ငံခြားသားများကလည်း သူတို့လိုလားချက်များကို အတိအကျ သတ်မှတ် ဖော်ပြမထားကြပါ။ သို့အတွက်ကြောင့် အချို့သော ပြည်နယ်များ၊ အချို့သော အဖွဲ့အစည်းဆိုင်ရာ ကိစ္စများတွင် မကျေနပ်မှုများ ရှိလိမ့်မည်။ အချို့ကလည်း အောင့်သက်သက်ဖြင့် လက်ခံကြမည် ဖြစ်သည်။

ဗေဒင်ဆရာ လိုအပ်သည့်ကိစ္စ တခုသာ ရှိပါသည်။ ဤသည်မှာ ရွေးကောက်ပွဲ ကျင်းပရန် နေ့ကောင်းရက်ကောင်း ရွေးချယ်ရန်သာ ဖြစ်ပါတော့သည်။

ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (David I. Steinberg) ရေးသားသည့် Muddy Waters ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ကတိများ သက်သက်ဖြင့် နှစ်တနှစ်လော

ရှောင် တာနဲ (SEAN TURNELL)

မြန်မာ့စီးပွားရေး မည်သို့ ဖြစ်မည်ကို နိမိတ်ဖတ်ရသည်မှာ အန္တရာယ်များသော အလုပ် ဖြစ်သည်။ ဤလုပ်ငန်းကို ၂ ပိုင်း ခွဲလိုက်မည် ဆိုလျှင်တော့ အန္တရာယ် နည်းသွားဖွယ် ရှိသည်။ တပိုင်းက ယခုနှစ်တွင် မည်သို့ ဖြစ်မည်ဟု မိမိတို့ မျှော်လင့်ချက်ကို မှန်းဆခြင်း ဖြစ်ပြီး၊ အခြား တပိုင်းမှာ စိတ်ရှုပ်ထွေးဖွယ် အတွေ့အကြုံ များအရ မည်သို့ ဖြစ်ပျက်ခြိမ့်မည်ဟု ပြောရခြင်း ဖြစ်သည်။


သို့သော်လည်း မျှော်လင့် ထားသည့်အတိုင်း ပြောရလျှင်ဖြင့် မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကိစ္စများစွာသည် ရွေးကောက်ပွဲအပေါ် မူတည်နေသည်။ အခြေ အနေအရ အဆိုးထဲမှ အကောင်းကို ရွေးပြောရမည် ဆိုလျှင် မြန်မာနိုင်ငံအတွက် အစိုးရအသစ် ရှိလာလိမ့်မည်။ ဤအစိုးရက မြန်မာ ပြည်သူများအတွက် စီးပွားရေးအရ လုံခြုံမှုကို ပြန်လည် တည်ဆောက်ရန် ရည်ရွယ်သည် ဆိုပါက မြန်မာ နိုင်ငံ၏ ကံကြမ္မာကို လှည့်ပြောင်းစေမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည် ဖြစ်သည်။


သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ဝင်ငွေကို အရင်းအနှီး အထူး လိုအပ်နေသည့် ကျေးလက် စီးပွားရေးကဏ္ဍ အတွက် ဖြည့်သွင်းခြင်းဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အစိုးရက စတင်နိုင်ပါသည်။ အစိုးရက တပ်မတော် နှင့် လုံခြုံရေး ယန္တရားများအတွက် ကုန်ကျစရိတ်များ လျှော့ချနိုင်သည်။ တိုင်းပြည်၏ စုဆောင်းထားငွေကို အသုံးချ၍ ကျန်းမာ ရေး၊ ပညာရေးနှင့် အရေးပါလှသည့် အခြေခံ အဆောက်အဦ လမ်းပန်းကဏ္ဍများတွင် အသုံးစရိတ်ကို မြှင့်တင်ရပါလိမ့် မည်။


ဤလုပ်ဆောင်ချက်များ၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် အခွင့်အရေးများကို လေးစား အသိအမှတ်ပြုခြင်း၊ မြန်မာနိုင်ငံတွင် ဥပဒေ နည်းကျ အုပ်ချုပ်ရေး တည်စေခြင်း အစရှိသကဲ့သို့သော အခြား လုပ်ဆောင်ချက်များနှင့် ကတိကဝတ် ပြုမှုများဖြင့် အစိုးရသစ်က ယုံကြည်မှု တိုးတက်လာစေရန် ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် ဒီမိုကရေစီ အခြေခံအုတ်မြစ်များကို ခိုင်မာစေ ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည်ဟူသော တိုင်းရင်းသား လူနည်းစုတို့၏ စိုးရိမ်နေမှုကို လျော့ကျစေခြင်းတို့ဖြင့် ဘေးထွက် အကျိုး အာနိသင်များကိုလည်း ကြုံတွေ့ ခံစားရဖွယ် ရှိပါသေးသည်။


ဤဆောင်ရွက်မှုများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက နှစ်ထောင်းအားရဖြစ်ပြီး၊ မြန်မာပြည်သစ်ကို ကြိုဆိုရန် စိတ်အားထက်သန်ကာ နိုင်ငံအတွင်း ရင်းနှီးမှုများ တိုး၍ ပြုလာကြမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ သဘာ၀ သယံဇာတများကို ရယူလိုကြပြီး ဈေးချိုနေသေးသည့် မြန်မာနိုင်ငံ၏ လုပ်အားကို အကျိုးရှိစွာ အသုံးချလိုကြသည်။ ထိုမျှမက ရေရှည်တွင် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အလား အလာ ကောင်းများကိုလည်း မြင်တွေ့ထားကြသေးသည်။


သို့သော်လည်း ယခုပြောသည့်ကိစ္စများ တခုမျှ မဖြစ်လာပါက ယခုနှစ် မြန်မာ့စီးပွားရေး အခြေအနေက မည်သည့်နေရာသို့ ဦးတည်နေပါသနည်း။ အဖြေက ဝမ်းမြောက်စရာ မရှိလှပါ။ အနည်းနှင့်အများဆိုသလို လက်ရှိ လွန်ခဲ့သည့် နှစ် ၅၀ ကာလ ဖြတ်ခဲ့သည့်အတိုင်း ဆက်၍ထိုးကျသွားမည့်ကိန်းကို မြင်တွေ့နေရသည်။


အထက်က ဖော်ပြထားသည့် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ဘဏ္ဍာဝင်ငွေကို နိုင်ငံ၏ ထုတ်ကုန် တန်ဖိုး (GDP) စွမ်းဆောင်မှုတွင် အကြီးအကျယ် လိမ်ညာ ဖော်ပြနေပါက၊ အခြေအနေကို လှည့်ဖျား သုံးသပ်နေပါက နိုင်ငံ၏ စီးပွားရေး အခြေအနေသည် ဒုတိကမ္ဘာစစ်ပြီးချိန်မှစ၍ အဆိုးရွားဆုံး အခြေအနေသို့ ကျသွားဖွယ်ရာ အကြောင်း ရှိနေသည်။ နိုင်ငံတော်ကို ကာကွယ်နေကြသူများ၊ အချုပ်အခြာအာဏာကို ခုခံကာကွယ်နေကြသူ များဟု ဂုဏ်ယူဝင့်ကြွားနေကြစေကာမူ မြန်မာစစ်ခေါင်းဆောင်များက တိုင်းပြည်အပေါ်ထားရှိသည့် ရေရှည်စီးပွားရေး မြော်မြင်ချက်မှာမူ တိုင်းပြည်ကို သတ္တုမိုင်းတွင်းကြီး၊ သဘာဝဓာတ်ငွေ့သိုက်ကြီး တခုမျှထက် မပိုကြောင်း ပြသနေပြီး ဤအတိုင်းလည်း ဆက်လက်ဖြစ်နေရန် ရှိသည်။


ဤသဘောထားဖြင့် လောင်စာစွမ်းအင် ဆာလောင်မွတ်သိပ်နေကြသည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ လက်သို့ ဤ အရင်းအမြစ်များ ခေါင်းပုံဖြတ်ရန် ထိုးအပ်နေကြမည်ဆိုလျှင်ဖြင့်၊ မြန်မာနိုင်ငံ၏ ၂၀၁၀ သည် ကမ္ဘာကြီး၏ မိုးသက် မုန်တိုင်း ထန်နေသော ပင်လယ်သဖွယ် ဖြစ်နေသည့် လူသုံးကုန် ဈေးကွက်အတွင်း ပဲ့မပါ၊ ဦးတည်ချက်မရှိ၊ မြင့်ချီနိမ့်ချီ ခုန်ပေါက် လွင့်မျောနေရတော့မည် ဖြစ်သည်။ လိုရာပန်းတိုင်ကိုလည်း လှမ်းနိုင်ရန် အလျဉ်း မရှိပါချေ။

ဦးလေး အမြည်းနော်

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃၀ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။


ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။

သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။

အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။
hartha_02042010

သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။

အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။

သက်နိုင်က အရက်ကို ဖန်ခွက် နှစ် ခွက်ထဲ ညီတူ မျှတူ ငှဲ့လိုက်ပြီးတော့ သူ့ဦးလေးကို စကား စလိုက်ပါတယ်။

“ကဲ ဦးလေးကြည် ချီးယားစ် ဗျာ၊ ကျနော့် ရှိတာလေးနဲ့ ဖြစ်သလိုပဲ စီစဉ်ရတာ ချလိုက်ရအောင်”

ဦးကြည်ကလည်း အရက်ခွက်ချင်းတိုက်လိုက်ကာ တကြိုက်တည်းမော့ချလိုက်ပြီး လက်ဖက်သုပ် ကို နှိုက်မြည်းလိုက်တယ်။ ပြီးတော့ သက်နိုင် ကိုလည်း ပြောလိုက်ပါတယ်။

“ကောင်းကွာ ၊ ရင်ထဲကို ပူဆင်းသွားတာပဲ၊ မင့်ရှိတာလေးလို့ ဆိုပေတဲ့ စေတနာသာ အဓိကပါကွာ”

အရက်ကဖြင့် သောက်ခါစပဲ ရှိသေး “စ လာပြီ” လို့ သက်နိုင်က တွေးလိုက်ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဦးကြည်က စာတိုပေစလေးကလည်း ဖတ်မှတ်လေ့လာ၊ အာဘောင်အာရင်း သန်သန်နဲ့ ပြောဆို ဆွေး နွေးတတ်တဲ့ ဝါသနာလေးကလည်းပါ၊ စကားပြေားရင်လည်း တကယ့်ကို အသံကျယ်ကျယ် အာဘောင် အာရင်း သန်သန်နဲ့ ပြော တဲ့လူ။ အဲဒီလိုမျိုး လူ။ သက်နိုင်က တွေ့ဖူးကြုံဖူးတာများပြီမဟုတ်လား။ ဒါပေမယ့် သက်နိုင်က အလိုက်အထိုက် လုပ်လိုက်တယ်။

“ဟုတ်ကဲ့ ဦးလေးကြည်”

အဲဒီလို သက်နိုင်ဆီက လေးစားသမှု ပုံစံပြလိုက်ရင်ပဲ ဦးကြည်က အရက်ကို ကိုယ့်ဘာသာ ဖန်ခွက်ထဲ ငှဲ့ သောက်လိုက်၊ အမြည်း ကိုလည်း လက်နဲ့နှိုက်လိုက်လုပ်ရင်း အသံကျယ်ကျယ်နဲ့ စကားဆက်နေပါတော့တယ်။

“အေး စေတနာ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရား ဟောထဲမှာလည်း ပါတယ်မဟုတ်လားကွာ အေ့ ”

ဦးကြည်က အရှိန်ရလာလေပြီ။

“ဟုတ်ကဲ့”

“တဦးက စေတနာ တဦးက မေတ္တာ ဆိုတာလည်း ရှိတယ်မဟုတ်လား”

“ဟုတ်ကဲ့”

သက်နိုင်က အာရုံလွှဲချင်တဲ့ သဘောနဲ့ သူ့ ဖန်ခွက်ထဲ အရက် ငှဲ့ပေးလိုက်တာကို ဦးကြည်က လက်ကာပြီး ပြန်ပြောတယ်။

“ရပါတယ်ကွာ ၊ တော်ပြီလေ တော်ပြီ တော်ပြီ”

တော်ပြီသာ ဆိုတယ်၊ တကယ်တော့ ဦးကြည်လက်က ဖန်ခွက်ကို အုပ်လိုက်တာ မဟုတ်ဘူး၊ သူ့ လက်ဖဝါး နှစ်ဘက်ကို ရင်ဘတ်နားမှာ ကတ်ထားပြီးပြောနေတာ။

သောက်ရင်းစားရင်းနဲ့ အရက်လည်း တော်တော် ကုန်သွားပြီ။ အမြည်းတွေလည်း ကုန်တော့မယ်။ သက်နိုင်လည်း အရှိန်ရနေပြီ။

ဦးကြည်က ပုလင်းထဲက အရက်ကို ငှဲ့သောက်ရင်း အမြည်း ပန်းကန်ကို လက်လှမ်းလိုက်ပြန်ပါတယ်။

အဲဒီမှာ သက်နိုင်က ဦးကြည်ကို စပြောလာတယ်။

“ဦးလေး အမြည်း နော်”

“စားပါတယ် ငါ့ တူရ”

အဲဒီလို ဦးကြည်က သူ့ကို သက်နိုင်က အမြည်းမစားမှာ စိုးလို့ သတိပေးတယ်အထင်နဲ့ အမြည်းနှိုက်ဖို့ နောက်တခါ လက်လှုပ်ရှား တဲ့ အချိန်မှာ သက်နိုင်ကလည်း ထပ်ပြောတယ်။

“ဦးလေး အမြည်းနော်”

“စားပါတယ် ငါ့ တူရ”

ဒီလိုနဲ့ အမြည်းက ကုန်ခါနီးဆိုတော့ သက်န်ိုင်က ထပ်သတိပေးတယ်။

“ဦးလေး အမြည်းနော်”

ဦးကြည်ကလည်း သူ့ကို စားခိုင်းတယ်ထင်ပြီးတော့ စောစောက အတိုင်းပဲ ပြန်ပြောတယ်။

“စားပါတယ် ငါ့ တူရ”

နောက်ဆုံး သက်နိုင် မနေနိုင်တော့ဘူး။

သက်နိုင် ဒေါသ ပေါက်ကွဲပြီး စိတ်ဆိုးမန်ဆိုးနဲ့ ဦးကြည်ကို ပြောလိုက်တာကတော့ -

“ခင်ဗျား စားလွန်လွန်းလို့ ပြောနေတာ၊ အမြည်းက အဲဒါ အကုန်ပဲ မရှိတော့ဘူး”

အဲဒီမှာတင် ထုံးစံအတိုင်း တူအရီး နှစ်ယောက် စကားများပြီး အရက်ဝိုင်းလည်း ပျက်သွားပါတော့တယ်။


(သူငယ်ချင်း တယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်)

ဆရာကြီး မင်းသုဝဏ်၏ စာပေဝေဖန်ရေး နည်းနာများ

ငြိမ်းဝေ
(ဆရာကြီးမင်းသုဝဏ် အသက် ၁၀၀ ပြည့် အမှတ်တရ ဂုဏ်ပြုဆောင်းပါး)

(က)

ခေတ်စမ်းစာဆိုကြီး “မင်းသုဝဏ်”ကို ကဗျာဆရာ၊ ဝတ္ထုရေးဆရာ၊ ဘာသာဗေဒ ဆရာတဦးအနေ နှင့် ကျနော်သိပါသည်။ သို့သော် စာပေဝေဖန်ရေးဆရာတဦးအနေနှင့် မူကျနော်မသိ။

[မင်းသုဝဏ်၏ “မြန်မာ စာအုပ် ဝေဖန်ချက်များ” စာအုပ်]

မင်းသုဝဏ်၏ “မြန်မာ စာအုပ် ဝေဖန်ချက်များ” စာအုပ်
၂၀၀၉ ခု ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ကျရောက်မည့် ဆရာကြီးမင်းသုဝဏ်၏ မွေးနေ့ ရာပြည့် အထိမ်း အမှတ် ဂုဏ်ပြုဆောင်းပါးတပုဒ်ရေးရန်စဉ်းစားသောအခါ ကိုယ်ဖတ်ပြီးခဲ့သမျှ ဆရာကြီး၏စာအုပ်များကို ပြန် ပြီး စဉ်းစားရပါသည်။ ပြီးတော့ကိုယ် မဖတ်ရသေးသည့် ဆရာကြီး၏စာအုပ်များကိုလည်း လက်လှမ်းမီရာ ရှာဖွေပြီး ဖတ်ရပါသည်။ ထိုအခါ ဆရာကြီးမင်းသုဝဏ်၏ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်ကို ကျနော် တွေ့ရ ဖတ်ရ၏။ ထိုအခါကြမှသာ ဆရာကြီး မင်းသုဝဏ်မှာ စာပေဝေဖန်ရေးဆရာ တဦးလည်းဖြစ်သည်ကို ကျနော်သိရ၏။ ကျေနပ်ဂုဏ်ယူမိပါသည်။

အမှန်တကယ်အားဖြင့်ဆိုလျင် ဆရာကြီး မင်းသုဝဏ်၏ မွေးနေ့ရာပြည့်ဂုဏ်ပြု ဆောင်းပါးရေးရန် ရေးစရာ အကြောင်းအရာများ တပုံတပင်ကြီးရှိပါသည်။ သို့သော် ကျနော်က တခါတရံ စာအုပ်ဝေဖန်ရေး ဆောင်းပါး များရေးရန် စိတ်အားထက်သန်သူဖြစ်သဖြင့် ဆရာကြီး၏ စာအုပ်ဝေဖန်ရေးစာအုပ်ကိုတွေ့သည် ဆိုလျင်ပဲ၊ ဤစာအုပ်ကိုပင် ဝေဖန်စာရေးပြီး ဆရာကြီးအားဂုဏ်ပြုပူဇော်ရန် ဆုံးဖြတ်ခဲ့ရ၏။

ကျနော်က စာအုပ်ဝေဖန်ချက်များရေးလျင် “ဖတ်ညွှန်းလည်း မက၊ ဝေဖန်ရေးလည်းမကျ”သည့်နည်းကို နှစ် သက်ပါသည်။ သို့မှသာကိုယ့်ဝန်ကိုယ့်အားနှင့်လည်းမျှပြီး မူရင်းစာအုပ်၏ အာဘော်ကိုလည်းမထိခိုက်စေဘူး ဟုယူဆမိ၏။ စာအုပ်များကိုဖတ်ကာ တခြားစာဖတ်သူများကို ဗဟုသုတနှင့်ရသ တဆင့်မျှဝေလိုသည့် ဆန္ဒ၊ စာအုပ်အပေါ်မိမိ၏ ပုဂ္ဂလိကအမြင်အယူအဆကိုလည်းတင်ပြလိုသည့်ဆန္ဒရှိသည့်အတွက် စာအုပ် ဝေဖန် ရေးများကိုရေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်ဆရာကြီး မင်းသုဝဏ်၏ စာအုပ်ဝေဖန်ရေးနည်းနာများကို စိတ်ဝင် စားမိ၏။

သည်နေရာတွင် စာအုပ်ဝေဖန်ရေးဆရာတချို့မှာ၊ မိမိကျွမ်းဝင်နှံ့စပ်ရာနယ်ပယ်ကို အခြေခံသည့် စာအုပ်များ ကိုသာ ဇောင်းပေးပြီးရွေးချယ်ရေးသားကြသည်ကိုတွေ့ဖူး၏။ ဆရာကြီး မင်းသုဝဏ်သည် မည်သည့် စာအုပ် များကိုရွေးချယ် ဝေဖန်ခဲ့သနည်း။ ဆရာကြီးမင်းသုဝဏ်၏ စာအုပ်ဝေဖန်ရေးနည်းနာမှာ အဘယ်နည်း။ ကျနော်တို့ အလေးအနက်ထားလေ့လာရန် လိုအပ်ပါလိမ့်မည်။

(ခ)

ဆရာကြီး မင်းသုဝဏ်၏ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်ဆောင်းပါးစဉ်(၁)မှာ “လွတ်လပ်ရေး၏ ရဲဘော်”ဖြစ်၏။ ဤခေါင်းစဉ်၏အောက်ကဆောင်းပါးကိုဖတ်တော့ ဆောင်းပါးအစမှအဆုံး နိုင်ငံရေး စကား လုံးနှင့်နိုင်ငံရေးကိစ္စတခုမျှမတွေ့ရ။ ဆရာကြီးက ဤဆောင်းပါးတွင်“သိပ္ပံမောင်၀”၏ “ခေတ်စမ်းစာပေ အထွေထွေ” စာအုပ်ကို ဝေဖန်ထားခြင်းဖြစ်၏။ ၁၉၃၀ ခုနှစ်ဝန်းကျင် မြန်မာပညာတတ်လူငယ်တစုနှင့် ရန်ကုန်တက္ကသိုလ်အတွင်း အပြင်စာပေပညာရှင်များ၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမူများကို ဖေါ်ပြ ထားသည့် စာအုပ်ဖြစ်၏။ ထို့ကြောင့်ဆရာကြီး မင်းသုဝဏ်၏ ဝေဖန်စာထဲတွင် စာပေကိစ္စမှအပ တခြားနိုင်ငံ ရေးကိစ္စများလုံးဝမပါပါ။ သို့သော် စာဖတ်သူက အလိုလိုမပြောဘဲနှင့်သိလာရသည့်အချက်မှာ ကိုလိုနီခေတ် နှောင်းပိုင်း လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲစဉ်ကြီးတခုလုံး၏ အခက်အလက်တခုမှာ မြန်မာစာပေ လွတ်လပ် စွာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုဖြစ်သည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် စာပေဆောင်းပါး သက်သက်ဖြစ်သည့်တိုင် ဆရာကြီး မင်းသုဝဏ်က နိုင်ငံရေးခေါင်းစဉ်တခုကို ကောက်ပြီးတပ်ခဲ့၏။

စာအုပ်ဝေဖန်ရေးဆောင်းပါးရေးရန်စိတ်ထက်သန်နေခဲ့သည့် ကျနော့်အတွက် ဆရာကြီး မင်းသုဝဏ် ၏ ဆောင်းပါးခေါင်းစဉ်တပ်ပုံကို တွေ့ပြီးကျေနပ်အားတက်ရ၏။ ဤသို့ခေါင်းစဉ်တပ်ပုံမှာ ဝေဖန်သူ၏ဆန္ဒကို ဖေါ်ပြရာရောက်ပြီး စာအုပ်၏အာဘော်ကိုလည်း ကိုယ်စားပြု နိုင်သည်ဟု ကျနော် ယူဆမိ၏။

ဤဆောင်းပါးတွင် အဓိကအားဖြင့် ၁၉၃၀ ခုနှစ်ဝန်းကျင်က ခေတ်စမ်းစာပေလှုပ်ရှားမှုအကြောင်း မီးမောင်း ထိုးပြ၏။ ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူများ၊ ဦးဆောင်ခဲ့ပုံများ၊ ခေတ်စမ်းစာပေ၏ ရည်ရွယ် ချက်၊ ခေတ်စမ်းစာပေ၏ စာပေသဘောတရားနှင့်နည်းနာများ အစရှိသဖြင့် ခေတ်စမ်းစာပေ၏ ဒု နှင့် ဇောက် ကို အကျဉ်းချုံးပြီးရေး၏။ “ခေတ်စမ်းစာပေ”ဘာ့ကြောင့်ပေါ်ပေါက်ခဲ့ရသနည်း။ ခေတ်စမ်းစာပေသည် မည်ကဲ့ သို့ ရုန်းကန်လှုပ်ရှားတည်ဆောက်ခဲ့ရသနည်း။ ထိုခေတ်ကလူတချို့က ခေတ်စမ်းစာပေအပေါ်သဘောထား ဘယ်လိုရှိခဲ့သနည်း အစရှိသည့် “ ခေတ်စမ်းစာပေ လှုပ်ရှားမှု” ရင်ဆိုင်ခဲ့ရသည့် စိမ်ခေါ်ချက်များကိုဆရာကြီး မင်းသုဝဏ်က ကောက်နုတ်ရွေးချယ်ပြီးမီးမောင်းထိုးပြလေသည်။

မာတိကာကိုဖတ်ရင်းက ဆောင်းပါးတချို့ကိုကျော်ကာ “ကွဲပြားသည့်အထဲက တူညီချက်” ဆောင်းပါးကို ကျနော်ဖတ်မိသည်။ ကျနော်ယုံကြည်စိတ်ဝင်စားသည့် “ဗဟုဝါဒ” အယူအဆနှင့်ကိုက်ညီနေသောကြောင့် ဖြစ် ၏။ ဆောင်းပါးကိုဖတ်ကြည့်တော့ ပိုပြီးကျေနပ်ရပြန်သည်။ ဆရာကြီး မင်းသုဝဏ်က စာရေးသူ တချို့ စုပေါင်းရေးသားထုတ်ဝေသည့် “ရခိုင်ညွှန့်ဖူး” စာအုပ်ကိုဝေဖန်ထားခြင်းဖြစ်၏။

မြန်မာစကားဖြစ်သော်လည်း နေရာဒေသကွဲသည့်အခါ အဓိပ္ပာယ်မကွဲသည့်တိုင် အသံထွက်များကွဲပြားသွား သည်ကို ဆရာကြီးက ထောက်ပြပြီး နေရာဒေသ၊ လူမျိုး၊ မတူကွဲပြားခြားနားမှုမှာ ပကတိကိစ္စဖြစ်သဖြင့် အသိ အမှတ်ပြုရမည်ဖြစ်ကြောင်း၊ သို့သော် ယင်းမတူကွဲပြားခြားနားခြင်းထဲက တူညီချက်ကို ရအောင်ရှာပြီး ဘုံနှစ်ဦးနှစ်ဘက်အကျိုးရှိစေသည့်နည်းကိုရှာကြရမှာဖြစ်ကြောင်းထောက်ပြ၏။ ကျနော်အကြီးအကျယ် တုန် လှုပ်မိမတတ်အံ့သြသွားရ၏၊ ဆရာကြီးမင်းသုဝဏ်သည် စာအုပ်ဝေဖန်ရေးဆောင်းပါးကိုရေးနေသည်မှ ဟုတ် ပါလေစ။မြန်မာပြည်စာပေလောကတွင်“ဗဟုဝါဒ”ကို အစောဆုံး ပြောသူမှာ“ဒဂုန်တာရာ” ဟု ယူဆရ၏။ ဆရာကြီး မင်းသုဝဏ်က ဗဟုဝါဒ သဘောဆန်သည့်အယူအဆကို ၁၉၇၀ ခုနှစ်ကတည်းကပင်ပြောခဲ့ သလို ဖြစ်၏။ စာပေကိစ္စပြောသည့်တိုင် ဤအယူအဆမှာ ကျယ်ပြန့်နက်ရှိုင်းသိမ်မွေ့လွန်းနေ၏။

ကျနော်က ငယ်ရွယ်သူလူငယ်စာဖတ်သူတဦးအား ဆရာကြီး မင်းသုဝဏ်၏ “မြန်မာစာအုပ် ဝေဖန်ချက်များ” စာအုပ်ကိုပေးဖတ်မိသေးသည်။ ပြီးတော့ဆရာကြီး၏ ဝေဖန်နည်း တချို့ကိုရှင်းပြသည်။

ထိုအခါ ယင်းစာဖတ်သူလူငယ်က ကျနော့်အား စောဒကတက်၏။ ဆရာကြီးသည် စာအုပ်များ၏အားသာ ချက်များကိုသာ မီးမောင်းထိုးပြပြီး အားနည်းချက်များကိုမူထောက်ပြရန် ပျက်ကွက်နေသည်ဟု ထင်ကြောင်း ပြော၏။ ကျနော်က အပြုံးနှင့်သာနားထောင်နေခဲ့သည်။

ဆရာကြီး မင်းသုဝဏ်သည် စာအုပ်၏အားနည်းချက်များကို ထောက်ပြရန် ဝန်မလေးခဲ့၊ မပျက်ကွက်ခဲ့ပါ။ စာအုပ်၏အားနည်းချက်များ ကိုထောက်ပြသည့်အခါ စာအုပ်တအုပ်တွင် မလွဲမသွေပါရှိအပ်သည့် စာမျက်နှာ တပ်ပုံ၊ ထုတ်ဝေမှတ်တမ်းထည့်ရန် ပျက်ကွက်ပုံများကအစ စာရေးသူ၏ အကောက်အယူအတိမ်းအစောင်း အထိထောက်ပြ၏။ ဥပမာ ဒဂုန်ပဦးဘတင်၏ “ကျွန်ပ်နှင့်မြန်မာရုပ်ရှင်လောက”စာအုပ်ကိုဝေဖန်ရာတွင် “အမှာနှင့်နိဒါန်းပါသောစာမျက်နှာတို့ကို ဂဏန်းထိုးမထားသည်မှာ သမိုင်းဆရာများအဖို့ ထုတ်ဆောင် ကိုးကား ဖေါ်ပြရန် ပြဿနာတရပ် ဖြစ်ပေလိမ့်မည်”ဟု ထောက်ပြခဲ့၏။ တဖန်စာရေးသူတို့၏ စာရေးပုံ ရေးနည်း မှားယွင်းသည့်အတွက်ကိုလည်းထောက်ပြဝေဖန်သည်လည်းရှိ၏။ ဥပမာ မှူးတင်၏ “ယနေ့သိပ္ပံ” စာအုပ်ကိုဝေဖန်ရာတွင် စာရေးနည်း၊ ဝါကျဖွဲ့ပုံဖွဲ့နည်း မှားယွင်းသည့်အတွက် အဓိပ္ပာယ်နှစ်ခွထွက်ခြင်း များ ကို ထောက်ပြရာ၌ “နေနှင့်တကွသောဂြိုဟ်ကိုးလုံး ဆိုရာတွင် နေကတခြားလား၊ ဂြိုဟ်ကိုးလုံးက တခြား လား။ နေသည်ဂြိုဟ်ကိုးလုံးတွင် အပါအဝင်လား၊ ကွဲပြားအောင်ရေးသားသင့်သည် ထင်ပါသည်”ဟု ထောက် ပြခဲ့၏။ တဖန်စာရေးသူတို့၏အကောက်အယူအမှားကိုလည်း ဝေဖန်ထောက်ပြခဲ့၏။

ဥပမာ ဆရာတိုက်စိုးနှင့် မင်းယုဝေတို့ပြုစုသော “မြန်မာစာမိတ်ဖွဲ့” စာအုပ်ကို ဝေဖန်ရာ၌ “သို့သော်လည်း သဒ္ဒါနှင့် သဒ္ဓါကို ဆရာများအသံကစားကာ ရေးထားလေသလားဟု ထင်စရာဖြစ်သည့်သာဓကကိုကား တွေ့ မိပါသည်။ ထို့ပြင်တခါတခါ စကားပြေကောင်းအောင် ဂရုစိုက်လွန်း၍ အတွေးနောက်ကိုမပါ ဟန်နောက်ကို ပါပါသွားလေသလားဟုလည်း မေးခွန်းထုတ်ချင်မိပါသတည်း”ဟု ထောက်ပြခဲ့၏။

စာရေးပုံရေးနည်းကိုသာဂရုစိုက်လွန်းသဖြင့် အကြောင်းအရာဖက်တွင်ပွန်းတီးသည်ကို ထောက်ပြထားခြင်း ဖြစ်၏။ သို့သော်ဆရာကြီး မင်းသုဏ်ဝဏ်၏ ထောက်ပြဝေဖန်ပုံအသုံအနှုန်းနှင့် ဝေဖန်ပုံဝေဖန်နည်းမှာ ဝေဖန် ထောက်ပြလို့ထောက်ပြမှန်း မသိနိုင်လောက်အောင် နူးညံ့သိမ်မွေ့လွန်း၏။ ယဉ်ကျေးလှပလွန်း၏။ မေတ္တာ ဖြင့် ထောက်ပြခြင်းသာဖြစ်၏။ ထိုအချက်များကို ကျနော်က ပြောပြသည့်အခါ စာချစ်သူလူငယ်သည် လက်ခံ သဘောပေါက်သွားရ၏။

ဆရာကြီး မင်းသုဝဏ်သည်“မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်တွင်နောက်ခံ နယ်ပယ် အမျိုးမျိုးရှိသည့် စာအုပ်များကို ဝေဖန်ခဲ့၏။ ဥပမာ“သိပ္ပံပညာအံ့သြဖွယ်”ဆောင်းပါး၊“မြန်မာ့ပန်းချီဖြစ်စဉ်သမိုင်း”ဆောင်းပါး၊ “ထုပ် ယောက် ဒိုင်း မြား” ဆောင်းပါး၊“မှတ်ဉာဏ်ကောင်းချင်သလား”ဆောင်းပါး၊“နို့မယ်ဝေးမဝါ လွမ်းစလေး” အစရှိသော ဆောင်းပါးများမှာ ဘာသာရပ်မျိုးစုံနောက်ခံရှိသည့် စာအုပ်များကို ဝေဖန်ထားသည့် ဆောင်းပါး များဖြစ်၏။ တိုင်းရင်းသားဓလေ့ထုံးစံ၊ ဗိသုကာပညာ၊ တက်ကျမ်း၊ ဥရောပယဉ်ကျေးမှု၊ ပန်းချီ အနုပညာကိစ္စ၊ နယ်ပယ်ပေါင်းစုံ၏။ သုတ၊ ရသစုံ၏။

(ဂ)

ဆရာကြီး မင်းသုဝဏ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်ကထုတ်ဝေခဲ့သည့် “ဒို့ကျောင်းသားစာစောင်”တွင် စာအုပ် ဝေဖန်ရေးဆောင်းပါးများရေးခဲ့၏။ “မင်္ဂလာ”ဟူသောကလောင်အမည်ကို ယူကာ စာအုပ်စင်ကဏ္ဍတွင်ရေးခဲ့ ခြင်းဖြစ်၏။ ယင်းဆောင်းပါး(၃၂)ပုဒ်ကို စုစည်းကာ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်အဖြစ်ထုတ်ဝေ ခြင်းဖြစ်၏။

မြန်မာစာပေနယ်ပယ်၌“ဝေဖန်ရေးစာပေ”၏သက်တမ်းမှာ ကြာမြင့်လှခြင်းမရှိသေးပါ။ ကမာ္ဘ့စာပေဝေဖန်ရေး သက်တမ်းနှင့်နှိုင်းယှဉ်လျှင် နုနယ်လှသေး၏ဟုဆိုရပါမည်။ ထို့ကြောင့် ကျနော်တို့သည်“ဝေဖန်ရေး စာပေ” ဖန်တီးမှုအလုပ်ကိုအထူးပြုအားထုတ်ရန်လိုအပ်ပါသည်။ ယင်းနှင့်တပြိုင်နက်တည်းပင် “ဝေဖန်ရေး စာပေ နည်းနာကောင်းများ၊ နည်းနာသစ်များ”ကိုလည်း တပြိုင်နက်ရှာဖွေ၊ တီထွင်၊သုံးစွဲကြရမည် ဟုယုံကြည်မိ၏။

ဆရာကြီး“မင်းသုဝဏ်”သည်ကား သူ့ခေတ်က သူ့ပခုံးပေါ်တွင်တင်လာသည့် စာပေတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာ၌ “ဝေဖန်ရေးစာပေ”ကိုလည်းချန်မထားခဲ့ကြောင်းဤ “မြန်မာစာအုပ်ဝေဖန်ချက်များ“ စာအုပ် က အခိုင်အမာသက်သေထူလေ၏။ ။

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ

မောင်သစ်ဦး

၁၉၇၀ ခုနှစ် တဝိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ဝန်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစအချိန်။ ကမာ္ဘ့ ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။
အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက် ရင်း တဘက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။
ထိုစဉ်က ကျနော်တို့တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘဝမှာ ကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။

ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော် တို့ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေး တည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ကြောင့် ကျနော်တို့မှာ ဗိုလ်ချုပ်၏ စာပေလက်ရာများကို စိတ်အားထက်သန်သလောက် ပြည့်၀အောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့တတွေ အနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆန္ဒတခုမှာ မမျှော်လင့်ဘဲ ပြည့်ဝလာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်းသုတေသနဌာန အကြီး တန်း သုတေသနမှူး) ဖြစ်၏။

“ဗိုလ်ချုုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဌာန ညွန်ကြားရေး မှူး ဒေါ်နီနီမြင့်က ဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင်“ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ )ပုဒ်မှာမူ ရေးသူအမည်မပါရှိဘဲ ဖေါ်ပြထားသည်ကိုတွေ့ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသားတချို့အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ် တိုင်ပင်ဖြစ်မည်ဟု ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ် စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာကိစ္စများ”ကိုတွေ့ ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ဘ၀ လမ်းညွန် အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့်ပြန့့်ပါဝင်၏။

ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့်၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့်ကိစ္စမှာ လွတ်လပ်မှုမရှိခြင်း ကို ပြဆိုခြင်းမဟုတ်ဘဲ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓာတ်တို့ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။

နောက်ထပ် ဥပမာတ ခုမှာ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင် သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘဝက ရေးသည့် ဆောင်းပါးဖြစ်၏။

ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသား ဓလေ့ ထုံးစံအယူအဆများအပေါ် လူငယ်များမည်ကဲ့သို့ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကိုအလေးအနက်ထား တင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ဝိဘဇ္ဖဝါဒ ” ဖြစ်၏။ “ဗုဒ္ဒဝါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ လက်ခံ ကျင့်သုံးသင့်ကြောင်း ထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာ အတိုင်းအဆ အတိမ်အနက် ကိုခန့်မှန်းလို့ရသည့် နောက်ထပ် ဥပမာရှိပါသေးသည်။“ကျောင်းသားဝတ္တရား” ဆောင်းပါးဖြစ်၏။

ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာကျောင်းသားများထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာသင်ကြားရေးလွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။

နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှနှင့်တာဝန်ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့်ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင် ဆည်းပူးကြရမည်ဟူသည့်အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင် ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါလေ့လာပါဝင် ဆင်ခြင်လုပ်ကိုင်ရမည့် ဝတ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်“ကျောင်းသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ရသည့် ဆောင်းပါးဖြစ်၏။

အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါး တွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ရ၏။ ပထမအချက်မှာ“နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ် အထွေး များကြားညပ်နေသည့်အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “စာပေရေးရာ အယူအဆ”ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့သော် ထို ဆောင်းပါးကို မည်သည့်နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။

ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြပေးခဲ့သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေအယူအဆမှာ“မိမိရေးလိုက်သည့်စာပေသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့လောက တိုး တက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ထက်တစ်နေ့တိုးတက်ကြီး ပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆပိုင်း အခြေနေကို ကျနော်တို့့လေ့လာလို့ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့်ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာနှစ်ခုစလုံး လေ့လာခွင့်ရနိုင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆရေးရာပိုင်းကို ကျနော် အထက် တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့ လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ဝါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”စာအုပ်ထဲ တွင်ပါရှိသည့်“ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင်ပြန်းရေးခဲ့သည့် အတ္ထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့် နတ်မောက်မြို့ အ်ိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်း က ဆန်းသည်။

ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့စည်းပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက် ဘူတာ၏ ဝဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက်လောကဓာတ် မြန်မာအထက်တန်းကျောင်း၊ ထို့ နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့အုပ်ရိုး အစရှိသည်တို့ကိုတဆင့်ပြီး တဆင့်ရေးသွား ခဲ့၏။ နောက်ဆုံးတွင််မြို့ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထို အိမ် ကြီး၏ နောက်ဖေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူ များကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့့ ရှေ့မှဖြတ်ရ၏။ စာပိုဒ်ဆုံးခါနီးကြမှ အိမ်ကြီးတအိမ်၏ နောက်ဖေးအခန်းငယ်ဆီ ရောက်လာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောက်မြို့ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့အနွဲ့မှာ သဘာဝပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့အနွဲ့တချို့ကိုလည်းထင်းထင်းပြက်ပြက် တွေ့ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့်ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့်သူ၏ စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။

“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ကျသွားလျှင် သူသည် မစားတော့၊ ကျနော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏ ။ ကျနော်ကား မဝတ်တတ် ။ မြန်မြန်ညစ်အောင် ဝတ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့်သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်” ဟူသောစာကြောင်းဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ဝန်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဖိုးထား၏။ သို့သော် ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘဝက ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာ ဖြစ်သည်ဟု ကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်း ဘာသာပြန်ဆို ရ သူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ် သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေသည် ကို လည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ်အယူအဆနှင့် စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ထိ နိုင် သည့်အတွက် ကျေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမားလေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်၀ နိုင်ခဲ့ရှာပါ။

၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံ ခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ခွင့်မရခဲ့ရှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့် နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင် ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ကို ကြိုးစားဖန်တီးခဲ့ရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းအား ကျနော်လေးစားမိသည်။ ထို့အပြင်ဘဝကိုစာရေးသူတဦး၏ ဘဝနှင့်သာနိဂုံးချုပ်ရန် စိတ်အားထက်သန်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။

အတွေးအခေါ် တော်လှန်ရေး


A Revolution of The Mind by Jonathan Israel
Dr.aung khin


အတွေးအခေါ် အယူအဆသစ်ကို နှစ်ပေါင်းရာချီပြီးကြာမှ လူ့အဖွဲ့အစည်းက လက်ခံတယ်။ အနောက်တိုင်းမှာ ဒီကနေ့ ကျင့်သုံးနေတဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ်ဟာ (၁၇) ရာစုမှာ မြစ်ဖျားခံတဲ့အတွက် သက်တမ်း အနှစ် (၃၀၀) ကျော်ရှိသွားပြီလို့ ပြောနိုင်တယ်။ ပြည်သူ့ကိုယ်စားလှယ်အစိုးရ၊ ညီမျှမှု၊ လွတ်လပ်မှု၊ ဥပဒေပြုရေးနဲ့ ပညာရေးမှာ ဘာသာရေးကင်းရှင်းမှု စတဲ့ အယူအဆတွေဟာ အခြေခံကျတဲ့ အသိဉာဏ်အမြင်ပွင့်လင်းမှု (radical enlightenment) ဖြစ်တယ်။ အာဏာရှင်ဘုရင်စနစ်နဲ့ ဘာသာရေးဂိုဏ်း ကြီးစိုးတဲ့ခေတ်မှာ ဒီလိုအတွေးအခေါ်အယူအဆတွေ ခေါင်းမထောင်နိုင်ဘူး။ လူတစုက လျှို့ဝှက်ဆွေးနွေးခဲ့တဲ့ သဘောတရား ကမာ္ဘက လက်ခံလာတဲ့ အထိ အောင်ပွဲခံလာပုံကို Princeton Institute of Advanced Study ဆိုတဲ့ သုတေသနဌာနက သမိုင်းပါမောက္ခ ဂျော်နသန်အစ္စရေး (Jonathan Israel) ရေးထားတဲ့ စာအုပ် ၂၀၁၀ နှစ်ဆန်းမှာ ထွက်လာတယ်။ အမည်က A Revolution of The Mind အတွေးအခေါ် တော်လှန်ရေးဖြစ်တယ်။ ခေတ်သစ်ဒီမိုကရေစီကို အထောက်အကူပြုတဲ့ အတွေးအခေါ် အယူအဆတွေကြောင့် လူ့အဖွဲ့အစည်းတခုလုံး ပြောင်းလဲလာပုံကို ဖော်ပြထားတာပါပဲ။

အတွေးအခေါ်သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးရှိတယ်။ ဂန္ထဝင်စာအုပ်တွေရှိသလို မျိုးဆက်သစ်တွေက အမြင်သစ်နဲ့ ရေးထားတာတွေလည်း ရှိတယ်။ ဒါပေမယ့် စနစ်ဟောင်း အကျင့်ဟောင်းကို တော်လှန်ပြီး လူ့စိတ်ဓာတ်ကို ပြောင်းလဲစေခဲ့တဲ့ ဒီမိုကရေစီအခြေခံသဘောတရားတွေကို သီးသန့်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်က နည်းတယ်။ ဒီလိုအချိန်မှာ ဂျော်နသန်အစ္စရေးက အတွေးအခေါ် တော်လှန်ရေးအကြောင်း စာမျက်နှာ (၂၀၀) ကျော် ရေးလိုက်တာပါပဲ။ ရှားပါးတဲ့ အမျိုးအစားဖြစ်လို့ မြန်မာစာဖတ်ပရိသတ်အတွက် စာအုပ်ဝေဖန်ခန်းရေးဖို့ စိတ်ကူးမိတယ်။ ဝေဖန်တယ်ဆိုတာမှာ အဓိပ္ပာယ်နှစ်မျိုး ရှိတယ်လို့ မြန်မာစာအဖွဲ့ရဲ့ ၁၉၈၀ ထုတ် မြန်မာအဘိဓာန်အကျဉ်းချုပ်မှာ ဖော်ပြတယ်။ အကောင်းအဆိုးကို သုံးသပ်စိစစ်မှု သို့မဟုတ် ခွဲခြားညွှန်ပြပြောဆိုမှုလို့ အဓိပ္ပာယ်ရသလို၊ စိတ်ဖြာခွဲဝေပေးတာကိုလည်း ဝေဖန်တယ်လို့ ပြောနိုင်တယ်တဲ့။ ဒီအဓိပ္ပာယ်အားလုံး ခေတ်ပြိုင်စာအုပ်ဝေဖန်ခန်းမှာ တွေ့နိုင်မယ်။

မြန်မာက နွားလှည်းလောက်သာလုပ်တတ်ပြီး အမေရိကန်နဲ့အနောက်တိုင်းက အာကာသလောကမှာ သုတေသနလုပ်နေတဲ့ အဆင့်ဆိုတော့ သူတို့ရဲ့အရေးအသားကို သဘောပေါက်ရင်တောင် မြန်မာလိုပြန်ပြောဖို့ ဝေါဟာရ ခေါင်းပါးနေတာတွေ့ရတယ်။ စရိုက်ချင်း ကွဲပြားခြားနားတာရယ် မြန်မာပြည်မှာ လွတ်လပ်မှုဆိတ်သုဉ်းနေတာရယ်ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့ မြန်မာစာ အရေးအသား အလွန်နည်းတယ်။ အပေါ့အပါးစာပေ အရေးအသားတွေများပြီး လေးနက်တဲ့ အရေးအသားနည်းတယ်။ ဒါပေမယ့် ကျနော်တို့တာဝန်က ခက်တဲ့ကိစ္စကို လွယ်အောင်လုပ်ဖို့ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြပါမယ်။ စာမျက်နှာ (၂၀၀) ကျော်ကို (၁၅) မျက်နှာနဲ့ ရှင်းပြရတာမို့ စာရေးသူရဲ့ ဆိုလိုချက်ကို ခြုံငုံမိဖို့ကလည်း အရေးကြီးပါတယ်။ နောက်အခက်အခဲတခုက စာဖတ်ပရိသတ်နဲ့ သက်ဆိုင်တယ်။ ပညာတတ် အင်္ဂလိပ် စာဖတ်ပရိသတ်အတွက် ရေးထားတဲ့စာအုပ်ကို မြန်မာစာတတ်သူတိုင်း နားလည်အောင် ပြန်လည်ရှင်းပြရတာဟာ အတော်လေးဦးနှောက်ခြောက်စရာပါပဲ။

လူအများစုရဲ့ အကျိုးစီးပွားကိုမြှင့်တင်ပြီး လူနည်းစုကြီးစိုးတာကို ဟန့်တားဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို လက်ရှိမြန်မာစစ်အစိုးရ နားမလည်သလို ရှေးအာဏာရှင် ဥရောပဘုရင်တွေကလည်း လက်မခံနိုင်ကြဘူး။ လူသားရဲ့ အခြေခံလိုအပ်ချက်၊ အခွင့်ရေးနဲ့အဆင့်အတန်းဟာ အတူတူပဲဖြစ်တယ်ဆိုတဲ့ ညီမျှမှုသဘောကိုလည်း ဘုရင်ခေတ်က လက်မခံနိုင်ကြဘူး။ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအသားအရောင်ပဲဖြစ်ဖြစ် တရားဥပဒေအတိုင်း အားလုံးကို တပြေးတည်း ဆက်ဆံရမယ်ဆိုတဲ့ အယူအဆကို အာဏာရှင်တွေက လက်မခံနိုင်ဘူး။

ဒါကြောင့် အာဏာပိုင်ဘုရင်၊ မြေရှင်ပဒေသရာဇ်နဲ့ ဘာသာရေးခေါင်းဆောင် ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီဓလေ့ကို ပြုစုပျိုးထောင်တဲ့အယူအဆ အတွေးအခေါ်တွေ ပြန့်ပွားအောင်လုပ်ရတာ အလွန်ခက်ခဲတယ်။ Enlightenment (ခေါ်) ပွင့်လင်းတဲ့ အသိဉာဏ်ပညာက ပေါ်ထွက်လာတဲ့ အယူအဆတွေဟာ အနောက်တိုင်းရဲ့ လူမှုရေးနဲ့ နိုင်ငံရေး အခြေခံအတွေး အခေါ်တွေ ဖြစ်လာတယ်။ အစပိုင်းမှာတော့ အာဏာပိုင်အဖွဲ့အစည်းရဲ့ ဖိနှိပ်မှု၊ အာဃာတထားမှု၊ အယူသည်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒီအယူအဆတွေ ခေတ်မစားအောင် နှစ်ပေါင်းသုံးရာကျော် ဖိနှိပ်ဟန့်တားခဲ့ပေမယ့် နောက်ဆုံးမှာ အုပ်ချုပ်သူလူတန်းစားကပါ လက်ခံလိုက်ရတဲ့အတွက် လစ်ဘရယ်ဒီမိုကရေစီ ပေါ်ထွက်လာတာပါပဲ။

အသိဉာဏ်ကင်းမဲမှုနဲ့ ယုံလွယ်မှုကြောင့် လူသားတွေဟာ အဖိနှိပ်ခံ/အနှိမ်ခံနေရတာလို့ (၁၈) ရာစုပညာရှင်အချို့ ပြောတာဟာ အခုခေတ်အထိ မှန်နေတုန်းပါပဲတဲ့။ အသိဉာဏ်ကင်းမဲ့မှုနဲ့ ယုံလွယ်မှုဟာ ဒီမိုကရေစီနဲ့ ပုဂ္ဂလိကလွတ်လပ်မှုရဲ့ ရန်သူတွေဖြစ်ပါတယ်။ (၁၇) ရာစုပညာရှင် ဒေးကတ် (Descartes 1596-1650)၊ ဟော့ဗ်စ် (Hobbes 1588-1679)၊ စပင်နိုဇာ (Spinoza 1632-1677)၊ ဘာလ် (Bayle 1647-1706) စတဲ့ ပညာရှင် (၄) ဦးကို တော်လှန်ရေးအမြင်ရှိသူအဖြစ် ဖော်ပြထားတယ်။

လူ့ဘဝတိုးတက်ကောင်းမွန်ရေးအတွက် လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအဆဟာ စာတွေ့မှာ ဖြစ်နိုင်ပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ (၁၇) ရာစုက ယူဆကြတယ်။ (၁၈) ရာစုရောက်လာတော့မှ တော်လှန်တဲ့ အတွေးအခေါ်အယူအဆကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ကုန်ထုတ်လုပ်မှု တိုးတက်အောင် အတတ်ပညာသစ်တီထွင်နိုင်မှု၊ တရားဥပဒေနဲ့ လူ့အဖွဲ့အစည်းတည်ငြိမ်မှု၊ ရောဂါကပ်ကွယ်ပျောက်မှု စတာတွေကြောင့် လူ့ဘဝကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ဆင်ခြင်တုံတရား အားထားရင် တိုးတက်လိမ့်မယ်လို့ ယုံကြည်လာကြတယ်။ ဘိုးဘွားတွေ လက်ထက်ကလို အသိဉာဏ်ခေါင်းပါးမှု နည်းပါးသွားတာဟာ တိုးတက်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပဲလို့ ယူဆလာကြပါတယ်။

(၁၈) ရာစုနှောင်းပိုင်းမှာ စာနယ်ဇင်းလွတ်လပ်မှုနဲ့ သည်းခံနိုင်မှုတွေ ရှိလာတဲ့တွက် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးကို ဘက်ပေါင်းစုံမှာ မြင်တွေ့နေရပြီလို့ ဗောလ်တဲ (Voltaire 1694-1778) က သုံးသပ်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကို လူတစုကသာကျင့်သုံးပြီး လူများစုဟာ ခိုင်းတာကိုသာ လုပ်ချင်နေကြတဲ့အတွက် အဖြစ်မှန်ကို မြင်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ လူထုကိုယ်စားပြုတဲ့ ညီလာခံတွေ အဖွဲ့အစည်းနဲ့ဥပဒေတွေ များပြားလာတာကို ဂျာမန်ပညာရှင် ကန့် (Kant 1724-1804) မှတ်တမ်းတင်ထားပါတယ်။ လူ့အဖွဲ့အစည်းဟာ ဘုရင်စနစ်မှာ နိဂုံးမချုပ်ဘဲ ဆက်လက်တိုးတက်နိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံလာကြတယ်။ ဒီနေရာမှာ အယူအဆနှစ်မျိုးကွဲသွားပါတယ်။ စနစ်ဟောင်းကို ပြောင်းပစ်ချင်သူနဲ့ စနစ်ဟောင်းအတွင်းမှာပဲ ပြုပြင်ရေးလုပ်ချင်သူဆိုပြီး နှစ်စုကွဲသွားပါတယ်။

တနည်းဆိုရင်တော့ ဆင်ခြင်တုံတရားနဲ့ စနစ်ဟောင်းကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး လက်ရှိစနစ်အတွင်းမှာ ပြုပြင်ရေးလုပ်လိုသူတွေကတဖက်၊ စနစ်ဟောင်း အကျင့်ဟောင်းကို စွန့်လွှတ်ပြီး ဆင်ခြင်တုံတရားတခုတည်းကိုသာ ရှေ့ဆောင်လမ်းပြအဖြစ် အသုံးပြုလိုသူတွေကတဖက် အုပ်စုနှစ် ကွဲသွားပါတယ်။ ဆင်ခြင်တုံတရား (သို့မဟုတ်) စဉ်းစားဉာဏ်ကိုသာ အားကိုးတဲ့ အတွေးအခေါ်အယူအဆမှာ ကိုးကွယ်ယုံကြည်မှုအတွက် နေရာမရှိပါဘူး။ ဒါကြောင့် ခရစ်ယာန်ဘာသာရေးရာမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုလာကြပါတယ်။ တချို့ကလည်း တော်လှန်တဲ့ အတွေးအခေါ်မှာ ကိုးကွယ်ယုံကြည်မှု (ဘာသာရေး) ဆိုတာမရှိဘူးလို့ ထောက်ပြကြတယ်။ ဒီလိုအတွေးအခေါ် အယူအဆသစ်ကို အပြင်းအထန် ဆန့်ကျင်သူတွေဟာ ဥရောပဘုရင်အစိုးရတွေနဲ့ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်ပါတယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကြီး ပေါ်ထွက်လာတဲ့နောက်မှာ ဥရောပအစိုးရတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာလည်း ပိုမိုပြင်းထန်လာတယ်။

အင်္ဂလိပ်ပညာရှင်တွေထဲမှာလည်း (၁၈) ရာစုပါလီမန်စနစ်ကို အကျင့်ပျက်နိုင်ငံရေးစနစ်လို့ ယူဆသူတွေရှိတယ် (Price, Priestly, Paine, Jebb, Thelwall)။ အတိုက်အခံလုပ်ပြီး ရုန်းကန်လှုပ်ရှားတာကို သမိုင်းဖြစ်စဉ်အဖြစ် Thomas Paine(1737-1809) ကမြင်တယ်။ လူတစုကောင်းစားရေးအတွက် အင်အားသုံးပြီး လိမ်ညာအုပ်ချုပ်တဲ့ အစိုးရစနစ်ကနေ လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံပြီး ဆင်ခြင်တုံတရားနဲ့ အုပ်ချုပ်တဲ့အစိုးရစနစ်ကို Tom Paine လိုလားတယ်။

ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နိုင်တဲ့အရာဖြစ်ကြောင်း၊ လွတ်လပ်တဲ့ လူ့ဘောင်မှာ ညီမျှမှုကို အခြေခံတဲ့ ကောင်းမွန်တဲ့ဘဝကို အစိုးရစနစ်ကတဆင့် တည်ဆောက်နိုင်တယ်လို့ ပြင်သစ်ပညာရှင် ဒေါလ်ဘတ်ရှ (d’Holbach) က ၁၇၇၀ မှာ ရေးတယ်။ မှားယွင်းမှု၊ မသိနားမလည်မှု၊ ဉာဏ်ပညာကင်းမဲ့မှုကြောင့် ပြည်သူတွေဟာ အဖိနှိပ်ခံနေကြရပြီး အစွဲအလမ်းကြောင့် အဖိနှိပ်ခံဘ၀ သက်ဆိုးရှည်နေမယ်ဆိုရင် ဆင်ခြင်တုံတရား၊ သိပ္ပံပညာနဲ့ အမှန်တရားက သူတို့ကို ကယ်တင်လိမ့်မယ်လို့ ဒေါလ်ဘတ်ရှက ဆိုပါတယ်။ လှပတဲ့ ရင်သပ်ရှုမောဖွယ် အတွေးအခေါ်ပါပဲလို့ ဂျော်နသန်အစ္စရေးက မှတ်ချက်ချလိုက်ပါတယ်။

(၁၇) ရာစု မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့သားတဦးဖြစ်သူ ညောင်ရမ်းမင်းရဲ့ အဆက်အနွယ်တွေ ကြီးစိုးတဲ့အတွက် ညောင်ရမ်းခေတ် (၁၆၀၀-၁၇၀၀) လို့ ခေါ်ကြတယ်။ စကားပြေအရေးအသားနဲ့ ရဟန်းစာဆို ထွန်းကားတဲ့ခေတ်လို့ ပထမဆုံးသော မြန်မာစာပါမောက္ခ ဦးဘေမောင်တင်က မြန်မာစာပေသမိုင်းမှာ ရေးထားတယ်။ မြန်မာစာပေကို နန်းတော်က အားပေးချီးမြှင့်တဲ့ဓလေ့ကြောင့် မြန်မာစာပေမှာ ဘုန်းတော်ဘွဲ့တွေ များတယ်။ (၁၇) ရာစုမှာ ညောင်ရမ်းမင်း (၇) ဦး နန်းစံတဲ့အထဲမှာ သာလွန်မင်း (၁၆၂၆-၁၆၄၈) ဟာ စစ်မတိုက်ဘဲ ပြုပြင်ရေးလုပ်ငန်းကို အာရုံစိုက်တဲ့အတွက် ထင်ရှားတယ်။ သာလွန်မင်းဟာ မြို့တော်ကို ပဲခူးက အင်းဝကို ရွှေ့ပြောင်းလိုက်သူဖြစ်တယ်။ တိုင်းပြည်အေးချမ်းသာယာမှု မရှိတဲ့အခါမှာ ဗမာမင်းတွေဟာ မြို့တော်ကို ရွှေ့ပြောင်းလေ့ရှိတယ်လို့ မြန်မာပြည်ရောက် ဒတ်ရှကုန်သည်တို့ရဲ့ အစီရင်ခံစာမှာ တွေ့ရကြောင်း ပထမဆုံးသော မြန်မာ့သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်က ၁၉၆၂ ထုတ် မြန်မာနိုင်ငံသမိုင်းမှာ ရေးထားတယ်။ ဒါပေမယ့် နောက်တက်တဲ့မင်းတွေ ညံ့ဖျင်းတဲ့အတွက် သာလွန်မင်းရဲ့ ဆောင်ရွက်ချက်တွေ အချည်းနှီးအလဟဿ ဖြစ်ရတယ်လို့ ဆရာကျော်သက်က ဆိုပါတယ်။

ညောင်ရမ်းမင်းရဲ့သား အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) လက်ထက်မှာ မြန်မာ-အင်္ဂလိပ် ဆက်ဆံရေးစတယ်။ မြန်မာတပ် ဇင်းမယ် (ချင်းမိုင်) ကို သိမ်းတဲ့အခါ အဲဒီမှာရောက်နေတဲ့ အင်္ဂလိပ်ကုန်သည်နှစ်ဦးနဲ့ တွေ့တယ်။ ဒီအင်္ဂလိပ်နှစ်ဦး မြန်မာပြည်နဲ့ ကုန်သွယ်ရင်း ပြည်နှင်ဒဏ်ပေးခံရတယ်။ ဗမာဘုရင်ဟာ အလွန်ဆိုးသွမ်းရက်စက်တဲ့အတွက် ပြည်သူ့သွေး တစက်မထွက်ရင် ထမင်းမစားနိုင်တဲ့ မင်းဆိုးမင်းညစ်သာဖြစ်တယ်လို့ အင်္ဂလိပ်ကုန်သည်နှစ်ဦးက ထွက်ဆိုတယ်တဲ့။ မြန်မာစာဆိုတွေကတော့ ဗမာမင်းရဲ့ ဘုန်းတော်ဘွဲ့ကိုသာ ရေးလေ့ရှိတယ်။

သာလွန်မင်းလက်ထက်မှာ ရဟန်းစာဆိုတွေ ခေတ်စားတယ်။ ၁၆၄၅ ခုနှစ်မှာ ထင်ရှားတဲ့ ရှင်ကရဝိက ဆိုသူ ရဟန်းစာဆိုဟာ `“တက်ထွန်းလျှံဝါ” အစချီတဲ့ ပိုဒ်စုံရတုသုံးပုဒ်ကို ဘုရင့်ရွှေနားတော် ဆက်သွင်းတယ်ဆိုပဲ။ ရှင်ကရဝိကရဲ့ ရတုကို သာလွန်မင်းက ကြိုက်နှစ်သက်လွန်းတဲ့အတွက် ရွှေကျည်တောက်ထဲသွင်းပြီး ခေါင်းရင်းမှာ အမြဲထားတယ်တဲ့။ ဒါတင်မကသေးဘဲ အလွတ်ကျက်မှတ်ပြီး အာဂုံဆောင်သေးတယ်တဲ့။ ရတုထဲမှာ “ဖြူရိပ်ဖြန့်လွှား၊ လူ့ဘုရားလျှင်၊ လေးပါးတန်ခိုး၊ နေ့တိုင်းတိုးလျက်…” စသဖြင့် ရှင်ဘုရင်ကို လူ့ဘုရားလို့ အမွှန်းတင်လိုက်တော့ သာလွန်မင်းကြီးလည်း အလွတ်ကျက်ရတဲ့အဖြစ်ကို ရောက်သွားတော့တာပေါ့။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်