ideal

Monday, May 17, 2010

ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ



ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘဝဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

လူ့ဘဝဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့
ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
တဖြေးဖြေးကျဲလာခဲ့တယ်။

ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ...
နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောက
ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။

လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။

သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ... အကူအညီ
လိုအပ်မှ မျှော်လင့်တတ်ကြတယ်။

သူငယ်ချင်းတဲ့ ဘယ်နေ့တွေမှာ ပြန်လည်တွေ့ဆုံဖြစ်ကြမယ်မသိ
ပါဘူး ဒါပေမဲ့ သူငယ်ချင်း........... မင်းတို့နဲ့ ငါ နောင်တစ်ချိန်မှာ ပြန်ဆုံဖြစ်ကြရင်
အဲ့ ဒီအချိန်ကြရင် ငါတို့ ....စကားတွေ အများကြီးပြောမယ်လို့ ပြောဖြစ်ခဲ့ပါတယ် အနာဂတ်ဟာ လက်တွေ့လောက် မသေချာပါဘူး ဒါကြောင့် မသေချာမှုကို တော့ မတွေးထားချင်ခဲ့ ဘူး အရာရာတိုင်းသာ ကိုယ်ထင်သလိုသာဖြစ်လာခဲ့မယ်ဆိုရင်
လောကကြီး က ရသ စုံမှာ မဟုတ်တော့ပါဘူး .လို့ပဲ ခံယူထားပါတယ်
လောကကြီး ကို ရသတွေ စုံနေအောင်လို့ ဒါတွေကို ဖြစ်ခွင့်ပေးလိုက်တယ်လို့ပဲ မှတ်ထားပါတယ် အနားမှာ မရှိပေမဲ့ ဒို့လက်တွေ ချိန်တွဲထားတယ်လို့ ယူဆပါရစေနော်.

No comments:

Post a Comment