ideal

Monday, May 24, 2010

ရန်ကုန် မင်္ဂလာဈေးကြီး မီးအကြီးအကျယ်လောင်ကျွမ်းနေ

မနက်၈:၂၀ခန့်မှာ မင်္ဂလာဈေးအပေါ်ဆုံးထပ် ဆေးဝါးနဲ့ ပရိဘောဂတွေရောင်းတဲ့အထပ်မှာ စတင်မီးလောင်ပါတယ်။ မီးသတ်ကားတွေ ၉နာရီခန့်မှာရောက်လာပေမဲ့ ရေကားရောက်မလာသေးလို့မပက်ကြသေး။ မီးဆက်လက်လောင်နေဆဲ။နောက်ဆုံးအခြေအနေမသိရသေး။

ဈေးမဖွင့်သေးခင်မှာစတင်လောင်တာဖြစ်တယ်လို့ကြားရတယ်။

လူအချို့ပိတ်မိနေတယ်လို့ဟုဆို။


ူ ဒီ လင့်တွေမှာ ကြည့်လို့ ရတယ်




ရန်ကုန်မြို့၊ မင်္ဂလာဈေးကြီး မီးလောင်

မီးလောင်နေသည့် မင်္ဂလာဈေး။ မေ ၂၄၊ ၂၀၁၀

ခေါင်မိုးထပ်အပါအဝင် စုစုပေါင်းငါးထပ်ရှိတဲ့ ရန်ကုန် မင်္ဂလာဈေးမှာ ခုချိန်ထိ မီးလောင်နေဆဲ ဖြစ်ပါတယ်။ မနက်ကတည်းက လောင်နေတဲ့မီးကို မီးသတ်တပ်ဖွဲ့က ခုချိန်ထိ မငြိမ်းသတ်နိုင် ကြသေးပါဘူး။ ဗွီအိုအေက ရန်ကုန် ဗဟိုမီးသတ်တပ်ဖွဲ့ကို အသံမလွှင့်ခင်အချိန်လေးမှာတင် ဆက်သွယ် မေးကြည့်တော့ တာဝန်ရှိသူတယောက်က အခုလို ပြန်ပြောပြပါတယ်။

“ကျနော်တို့ မီးငြိမ်းနေဆဲပါ၊ အပျက်အစီးအခြေအနေ အပြည့်အစုံ ဘာမှ မရသေးဘူးခင်ဗျ၊ မသိသေးဘူး။”

ပျက်ဆီးဆုံးရှုံးမှု အတိအကျ မသိရသေးပေမယ့် ဈေးဆိုင်ခန်း ၄,၀၀၀ လောက်ရှိတဲ့ မင်္ဂလာဈေးမှာ ထိခိုက် ပျက်ဆီး ဆုံးရှုံးမှုတွေ တော်တော်လေးများနိုင်တယ်လို့  ရန်ကုန်မြို့ခံတွေ ခန့်မှန်းနေကြပါတယ်။ ဒီနေ့ မနက်ပိုင်း ခန့်မှန်းခြေ မနက် ၈ နာရီလောက်ကစပြီး ဆေးဝါး အလှကုန်နဲ့ စာရေးကိရိယာ၊ ပရိဘောဂတွေရောင်းတဲ့ ၄ ထပ်ကစပြီး မီးလောင်ခဲ့တာဖြစ်ပါတယ်။ ဈေးသူဈေးသားတွေရဲ့ အပြောအရ ဈေးရဲ့အောက်ထပ် အထည်အလိပ်တန်းတွေကို ညနေစောင်းမှာ မီးကူးတယ်လို့ ပြောပြပါတယ်။ မီးလောင်တဲ့နေရာကို ကိုယ်တိုင်သွားကြည့်တဲ့ ရန်ကုန်မြို့ခံတယောက်က သူမြင်ရတဲ့အခြေအနေကို ပြောပြတာက -

“လမ်းလဲပိတ်ထားတယ်၊ အဲဒီနားက မီးခိုးတွေတောင် အရမ်းမွှမ်နေသေးတယ်။ ဒီနေ့ မိုးရွာသွားလို့သာ တော်သေးတာ။ မိုးမရွာဘူး ဆိုရင်တော့ တော်တော်လောင်မယ့်ပုံပဲ။ အတွင်းထဲမှာ လှိုက်ပြီး လောင်နေတုန်းပဲ။"

မီးလောင်ကျွမ်းတဲ့နေရာဟာ ကန်တော်ကြီးကနေ ရေတွေ လွယ်လွယ်ကူကူ စုတ်ယူလို့ ရတဲ့နေရာဖြစ်တာကြောင့်ရော၊ ဒီနေ့ နေ့ခင်းပိုင်း မိုးနည်းနည်း ရွာလိုက်တဲ့အတွက်ပါ မီးညွန့် အတော်အတန် ကျိုးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ မီးငြိမ်းသတ်နေတဲ့ အခြေအနေကိုလည်း မျက်မြင်သက်သေ ရန်ကုန်မြို့ခံက အခုလို ပြောပြပါတယ်။

“အဲဒီအထပ်က အဓိကကတော့ ဆေးဝါးနဲ့ ပရိဘောဂတွေ ရောင်းတယ်ဗျ။ အဲဒီမှာတော့ ထုံးစံအတိုင်း လူတောင်မှ လမ်းလျှောက်လို့မရဘူး ပေါ့ဗျာ၊ သူက ကျပ်လည်းကျပ်တာကိုး၊ ဆိုင်ခန်းလေးတွေကကျဉ်းတော့။
“မီးသတ်သမားတွေက စွန့်စွန့်စားစား ငြိမ်းပါတယ်။ ကားတွေက ကန်တွေကြီးနဲ့နီးတော့ ကန်တော်ကြီးက ရေသွားစုပ်လို့ရလို့ တော်သေး တာပေါ့လေ။ ဟိုတလောတုန်းကတော့ မီးငြိမ်းသတ်တာ ရဟတ်ယာဉ်တွေဘာတွေ ရှိတယ်ပြောတာပဲ၊ အခုတွေ့တာတော့ ကားတွေပဲတွေ့ တယ်၊ သဲကားတွေတွေ့တယ်။”

မင်္ဂလာဈေး မီးလောင်ကျွမ်းမှု နောက်ဆုံးအခြေအနေကို ရန်ကုန်မြို့ခံတယောက် ပြောပြသွားတာပါ။

စတင်မီးလောင်ကျွမ်းတဲ့ လေးထပ်ကိုတက်ပြီး မီးငြိမ်းတဲ့ မီးသတ်သမားတယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအဖွဲ့ဝင် တယောက်ပြောတာကို AFP သတင်းမှာ ဖော်ပြပါတယ်။ တခြား ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေတော့ ထွက်လာတာ မတွေ့ရသေးပါဘူး။

အခုလို လူသုံးကုန်မျိုးစုံနဲ့ ဆေးမျိုးစုံရောင်းတဲ့ မင်္ဂလာဈေးရဲ့ လေးထပ်ကစပြီးတော့ လောင်ခဲ့တဲ့မီးဟာ နာရီပေါင်းများစွာ လောင်နေ တာမို့လို့ မီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေက တော်တော်လေးများတယ်လို့ ဈေးသူဈေသားတွေကပြောပါတယ်။

မီးစလောင်တုန်းကအခြေအနေကို ဘန်ကောက်ကနေ ကိုသားညွန့်ဦးက သတင်းပို့ထားပါတယ်။

လေးထပ်အမြင့်ရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးမှာ ဒီကနေမနက် ၈နာရီခွဲလောက် မီးစလောင်တဲ့နေရာကတော့ ဆေးဝါး အလှကုန်နဲ့ စာရေးကိရိယာတွေ ရောင်းချတဲ့ ၄ လွှာမြောက်ဖြစ်ပါတယ်။ မီးလောင်ချိန်ဟာ ဈေးဖွင့်စအချိန်ဖြစ်တာမို့ ဈေးအတွင်းမှာ လူများများစားစားမရှိသေးပေမယ့် အပေါ်ဆုံးထပ် ခေါင်မိုးပေါ်ဖွင့်ထားတဲ့ စားသောက်တန်းမှာတော့ ဈေးသည်အချို့ ကနဦး ပိတ်မိနေခဲ့ ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မီးသတ်က လှေကားတွေနဲ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ အဲဒီမှာ မျက်မြင်တွေ့ခဲ့သူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဆယ်နာရီထိုးခါနီးလောက်က ၀ုန်းဆိုပေါက်တော့ လူတွေ ဒီဘက်ကို အတင်းပြေးလာတယ်။ နောက် နှစ်ခေါက်လောက် ပေါက်တဲ့အသံတွေ ကြားရတယ်။”

ဘာပေါက်တာလဲ၊ ဂက်စ်ပေါက်တာ ဖြစ်နိုင်လား။
“ဂက်စ်ပေါက်တာ ဖြစ် မဖြစ်တော့ မသေချာဘူး။ သူများတွေပြောတာတော့ ဂက်စ်ပေါက်မှာ ကြောက်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဂက်စ်ပေါက်တာ မဖြစ်နိုင်ဘူး။ ဂက်စ်ပေါက်ရင် ဒီ့ထက်ပိုပြီးတော့ ကျယ်မယ်လို့ ထင်တာပဲ။”

အခုဟာ မီးလောင်တာ ဘယ်နေရာတွေလောင်ထားတာ တွေ့ပြီးပြီလဲ။
“ကျနော် ပြန်လာတဲ့အချိန်ထိတော့ အပေါ်ထပ်က ဒန်ပေါက်ဆိုင်နားနဲ့ မျက်နှာချင်းဆိုင်အထပ် က လောင်နေတယ်။ ပြီးတော့ ဒီဘက်ကို ကူးသွားတယ်။ ကျနော် ပြန်လာတဲ့အချိန်တော့ အပေါ် ထပ် တထပ်လုံးကုန်ပြီ။ ပြိုကျလုနီးပါးရှိနေပြီ။ မှန်တွေ အကုန်လုံးလဲ ကုန်သွားပြီ။”
ဘယ်အချိန်က စ လောင်တာလဲ၊ ဘာကြောင့် လောင်တယ်လို့ သိထားလဲ။

“၈ နာရီ၊ ၈ နာရီခွဲလောက်က စတယ်။ ဘာ့ကြောင်လောင်လဲဆိုတာတော့ ၀ါယာရှော့ခ်လို့တော့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာက မီးထိုးဖို့ပဲပေးတယ်၊ ဒါပေမယ့် တချို့တွေက ဟင်း တွေ ဘာတွေချက်တာလား ဘယ်လိုလဲတော့မသိဘူး၊ တခုခု မီးအား ပိုပြီး သုံးတယ်လို့တော့ ပြောတယ်။”

လူအသေအပျောက်တွေရော ရှိလား၊ ထိခိုက်ဒဏ်ရာရတာတွေ။
“ပထမတုန်းက လူတယောက်က အဲဒီ ပြူတင်းပေါက်ကနေပြီးတော့ လှမ်းအော်တယ်၊ သူ့ကို ကယ်ဖို့၊ ကရိန်းနဲ့ ဟိုဘက်ကနေပြီးတော့ ကယ်သွားတယ်လို့ ပြောတယ်၊ အရင်တုန်းက ဆယ်ယောက်လောက်ရှိတယ်တဲ့၊ ခုနောက်ပိုင်းကျတော့ တယောက်မှ မရှိတော့ဘူးတဲ့။”
ဈေးအတွင်းက ပစ္စည်းတွေကိုတော့ ဆိုင်ပိုင်ရှင်တွေ သယ်ယူခွင့်မရလိုက်တာကြောင့် ဈေးတခုလုံး လောင်မယ်ဆိုရင်တော့ ပစ္စည်းတွေအားလုံးပါ ဆုံးရှုံးမယ့်သဘောရှိတယ်လို့ ရန်ကုန်မြို့ခံ မျက်မြင်တဦးကလည်း ပြောပါတယ်။
“စ လောင်ခါစက ဈေးက တာဝန်ရှိတဲ့လူတွေ သူတို့ မီးသတ်ကို အကြောင်းကြားတယ်၊ စိတ် မပူနဲ့၊ တာဝန်ယူတယ်ပေါ့နော်၊ ဘာမှမဖြစ်စေရဘူး၊ မသယ်ကြပါနဲ့ ဘာညာ သူတို့က စိတ် အေးအောင်ပြောတော့ တချို့လူတွေက သယ်ဖို့ ပြင်ဆင်ပြီးမှ မသယ်ဘဲနဲ့ ပြန်ထုတ်ထားလိုက် တဲ့လူတွေ၊ ပြန် ပစ္စည်းထည့်လိုက်တဲ့လူတွေလဲ ရှိတယ်ဗျ။
“မနက် ၉ နာရီလောက်မှာ မီးရှိန်ကတက်လာတော့ မနိုင်တော့မှန်းသိတော့ အဲဒီအချိန်မှာ နည်းနည်းပါးပါးပဲ သယ်နိုင်ကြတော့တယ်၊ သယ်ဖို့ အချိန်မရှိတော့ဘူးပေါ့။ ၉ နာရီကျော်တော့ လုံခြုံရေးတွေ၊ စစ်တပ်တို့ ဘာတို့တက်လာတော့ အားလုံးကို ဆင်းခိုင်းတော့၊ အန္တရာယ်ရှိတယ်ဆိုပြီး ဆင်းခိုင်းတာ။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းက မီးလောင်မှု ၇၁၉ ခု ရှိခဲ့ပြီး မီးလောင်မှုတွေကြောင့် ၂၈ ဦး သေဆုံးခဲ့တယ်လို့ အစိုးရကိန်းဂဏန်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။


ရန်ကုန် မင်္ဂလာဈေး မီးလောင်


အကြီးဆုံး လက်ကား ဈေးကြီး တခုဖြစ်သော မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့ နံနက် ၈ နာရီမှ စ၍ မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းရာ ၆ နာရီကျော် ကြာသည်အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိပေ

“မီးလောင်ပြီး နာရီဝက်ကြာတဲ့ အထိ မီးသတ်ကား တစီးပဲ ရောက်သေးတယ်။ မီးခိုးတွေ မည်းနေတာပဲ၊ မီးသတ်ကားက ရေးလှမ်း ပက်တာ လေးထပ်ကို ရေက မရောက်ဘူး” ဟု မင်္ဂလာဈေး အနီးတွင် နေထိုင်သူ တဦးက ပြောသည်။

၈ နာရီခန့်က မီးစတင် လောင်ကျွမ်းပြီး ၁ နာရီ အကြာတွင် အဆိုပါ ဈေးပတ်ဝန်းကျင်၌ မနေနိုင် လောက်အောင် ပူပြင်းလာကြောင်း သိရသည်။

“လောင်တဲ့ နေရာနဲ့ ကိုက်တရာလောက် အကွာမှာ ၃ မိနစ် လောက်ပဲ နေနိုင်တယ်။ မီးသတ်ကား ကလည်း ခဏပဲ ပက်လို့ရတယ်။ ပက်လိုက် ကန်တော်လေး မီးသတ်ကန်ထဲက ရေပြေး ထည့်လိုက် လုပ်နေရတယ်” ဟု မျက်မြင် တဦးက ပြောသည်။

ဆက်လက်၍ ၎င်းက မီးသတ်ကားများမှာ နံနက် ၉ နာရီ မထိုးခင် ကတည်းက ရောက်နေ သော်လည်း မီးငြှိမ်းသတ်ခွင့် စောင့်ဆိုင်း နေရသေးသောကြောင့် ချက်ချင်း မငြှိမ်းသတ်နိုင်ကြောင်း ပြောပြသည်။

မီစလောင်စဉ်က ဈေးအတွင်း လူများ ရှိနေသေးကြောင်း၊ ၄ ထပ်မှ မီးခိုး ထွက်လာမှသာ မီးလောင်သည်ကို သိရကြောင်း၊ ပစ္စည်းများ အချိန်မီ မသိမ်းဆည်းနိုင်ကြောင်း၊ အောက်ဆုံးထပ်မှ ဆိုင်ရှင်တချို့သာ ပစ္စည်းအနည်းငယ် သယ်ယူ လိုက်နိုင်ကြောင်း ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက “နေ့လယ် ၁၁ နာရီ အထိ မီးညွန့် မကျိုးသေးဘူး၊ လောင်နေတုန်းပဲ၊ မီးသတ်ကားတွေ အကုန်လွှတ်ထားတယ်၊ ရေလည်း လုံလုံလောက်လောက်ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းရာ ၆ နာရီကျော် ကြာသည်အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိပေ

မင်္ဂလာဈေးတွင် ဆိုင်ခန်းနေရာများ အလွန်ကျဉ်းမြောင်းပြီး ကျပ်ညပ်နေသောကြောင့် မီးလောင်သည့် အခါ အထဲကို ဝင်နိုင်ခြင်း မရှိကြောင်း၊ လေးထပ်တွင် စလောင်နေပြီး မည်သူ့ကိုမျှ အထဲသို့ ပေးမဝင်ကြောင်း သွားရောက်ကြည့်ရှုနေသူ တဦးက ပြောသည်။

“သတင်းထောက်တွေကတော့ လက်မှတ်မပါရင် မောင်းထုတ်ခံရတယ်။ လက်မှတ်ပါရင်တော့ သတင်းယူခွင့်ရှိတယ်။ ကျန်တဲ့ ဘယ်သူ့ကိုမဆို အနားကပ်ခွင့်မပေးဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ဆိုသည်။

မီးဆက်လက် လောက်ကျွမ်းနေသဖြင့် မင်္ဂလာဈေး အနီးရှိ ကန်တော်ကလေးလမ်းနှင့် ဗညာဒလလမ်းကို ပိတ်ထားရသည်။ ရဲများက ၁၀ နာရီခန့်တွင်မှ ရောက်လာသည်ဟု မီးလောင်မှုကို သွားရောက် ကြည့်ရှုသူတဦးက ပြောသည်။

မီးငြှိမ်းသတ်နေသည့် မီးသတ်ကား စုစုပေါင်း ၁၀ စီးရှိကြောင်း၊ နေ့လယ် ၁၂ နာရီ ခွဲကျော်အချိန်အထိ မီးညွန့်မကျိုးသေးဘဲ မငြှိမ်းသတ်နိုင်ကြောင်းနှင့် မီးသည် တခြားသော အထပ်များ ကိုလည်း ကူးစက် လောင်ကျွမ်းနေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ မင်္ဂလာဈေးတွင် အထပ် ၆ ထပ်ရှိသည်။

အနီးနားရှိ အဆောက်အအုံများမှ လူများမှာ မီးခိုးများကြောင့် နှာခေါင်းစည်းများ စည်းထားရပြီး မီးလောင်သော နေရာနှင့် ဝေးရာ ကန်တော်လေး ထိပ်ဘက်သို့ သွားနေကြရသည်ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသူတဦးက ပြောသည်။

မီးလောင်နေသော ဈေးအပေါ်ထပ်ထက် မင်္ဂလာဈေးနှင့် ကပ်လျက်ရှိသော မြို့တော် စည်ပင်ဘဏ်ကိုသာ မီးသတ်ကားများက အဓိကထား ငြိမ်းသတ်နေသည်ဟုလည်း သိရသည်။

နေ့လယ် ၁ နာရီခန့်တွင် မိုးစတင်ရွာသဖြင့် မီးငြိှမ်းသတ်ရာတွင် အထောက်အကူ ဖြစ်နိုင်သည်ဟု ဈေးအနီးတွင် နေထိုင်သူ တဦးက ပြောသည်။

မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုနှင့် အသေအပျောက်ကိုမူ မသိရသေးပေ။ အထွေထွေ ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ ကျပ် ထောင်ပေါင်း သိန်း၊ သောင်းဂဏန်းချီမည်ဟု ကုန်သည်များက ခန့်မှန်းသည်။

စီးပွားရေးသမားတဦးက “မင်္ဂလာဈေးမှာ ဆိုင် ၃ ဆိုင် ပိုင်တယ်၊ တဆိုင်ကို သိန်း ၁၀၀ လောက် ရင်းနှီးထားတယ်” ဟု ပြောပြသည်။ ကုန်သည်အများစုမှာ ပစ္စည်းများ ဆုံးရှုံးသဖြင့် ငိုနေကြသည်ဟု မျက်မြင်တဦးက ဆိုသည်။

ယခုလက်ရှိ အနေအထားအရာ အင်္ဂတေနှင့် အုတ်ခဲများ စတင်ပြိုကျနေပြီး ဈေးအဆောက်အအုံမှာ ယိုင်နေပြီ ဖြစ်ကြောင်း၊ ပြိုကျနိုင်ဖွယ်ရှိကြောင်း သွားရောက်ကြည့်ရှုသူတို့ ပြောဆိုနေကြသည်။ အာဏာပိုင်တို့က လုံထိမ်းကားများနှင့် အစောင့်များ ချကာ စည်းတားထားကြောင်းလည်း သိရသည်။

လျှပ်စစ် ဝါယာ လျှော့ဖြစ်သည်၊ ဂတ်စ်အိုးပေါက်သည် စသည်ဖြင့် ပြောဆိုနေကြသော်လည်း မီးစလောင်သည့် အကြောင်းရင်းကို မသိရသေးပေ။

မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းရာ ၆ နာရီကျော် ကြာသည်အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိပေ

မင်္ဂလာဈေးသည် ယခင်ဈေးဟောင်းကို ဖျက်ပြီး အသစ်ပြန်လည် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အအုံ အတွင်း၌ လမ်းများကျဉ်းခြင်း၊ ဆိုင်ခန်းများ ကျပ်ညပ်နေခြင်း၊ လေဝင်လေထွက် မကောင်းခြင်းတို့ ရှိသော်လည်း ရန်ကုန်မြို့၏ အကြီးဆုံး လက်ကားဈေးကြီး တခုဖြစ်သည်။ မင်္ဂလာဈေးတွင် အထည်အလိပ်၊ ဆေးဝါး၊ ပရိဘောဂ၊လူသုံးကုန်ပစ္စည်းများ၊ နိုင်ငံခြားဖြစ် မုန့်မျိုးစုံ၊ အလှကုန်ပစ္စည်းများကို လက်ကား ရောင်းချသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ခဲ့ပြီးနောက် ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက် ဈေး မီးလောင်ခြင်း ဖြစ်သည်။

ဧရာဝတီသတင်းထောက် ခက်ထန်နှင့် ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်များ ပူးပေါင်းရေးသားသည်။